POST TYPE

SPORTS

အန္တရာယ်မကင်းသည့်အခြေအနေများ ရှိနေခြင်းကြောင့် ဗယ်လေကာနိုနှင့် ဘီလ်ဘာအိုပွဲစဉ်ကို ပွဲရွှေ့
01-Sep-2018 tagged as Soccer La Liga Postponed


မက်ဒရစ်၊ စက်တင်ဘာ ၁

စပိန်လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် ဗယ်လေကာနိုနှင့် ဘီလ်ဘာအိုတို့ ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်ကို ပွဲရွှေ့ရန် ဆုံးဖြတ်လိုက်သည်မှာ ဗယ်လေကာနိုအသင်းပိုင် ဗယ်လ်လီကတ်စ်ဘောလုံးကွင်းသို့ ပွဲလာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် ဘေးအန္တရာယ် မကင်းနိုင်သည့်အခြေအနေများရှိနေခြင်းကြောင့်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

တန်းတက်ကလပ် ဗယ်လေကာနိုသည် ဗယ်လ်လီကတ်စ်ဘောလုံးကွင်း ကွင်းတိုးချဲ့တည်ဆောက်သည့် လုပ်ငန်းစဉ်များကို လက်ရှိဘောလုံးရာသီသစ် မစတင်မီတွင် အပြီးသတ်နိုင်ခဲ့ပြီး ဆီဗီလာက ဗယ်လေကာနိုကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် လာလီဂါရာသီဖွင့်ပွဲစဉ်အပြီးတွင် ဗယ်လေကာနိုအသင်းအခြေစိုက်ရာ မက်ဒရစ်မြို့ရှိ မြို့တော်ဝန်ကောင်စီက ဗယ်လေကာနို၏ကွင်းတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အကြမ်းထည်ဆန်လွန်းနေခြင်းကြောင့် ဘောလုံးကွင်းများကျင်းပခွင့်ကို ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။

ဆီဗီလာက ဗယ်လေကာနိုကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူခဲ့သော လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနေချိန်တွင် ပွဲကြည့်စင်ထက်မှနေ၍ ကလေးငယ်တစ်ဦးပြုတ်ကျခဲ့ပြီး ၎င်းတို့အနေနှင့် အိမ်ကွင်းပွဲစဉ်များကို ဗယ်လ်လီကတ်စ်ဘောလုံးကွင်းတွင် ကျင်းပခွင့် တားမြစ်ခံလိုက်ရခြင်းကြောင့် လွန်စွာအံ့အားသင့်ခဲ့ရကြောင်း ဗယ်လေကာနိုအသင်းက ကြေညာချက်ထုတ်ပြန်ထားသည်။

ဗယ်လေကာနိုသည် လက်ရှိတွင် ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းစဉ်များကို တစ်ကျော့ပြန်လည် ဆောင်ရွက်နေရပြီဖြစ်ပြီး ယင်းသို့ဆောင်ရွက်နေရခြင်းကြောင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အလာဗက်စ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အက်စ်ပန်ညိုတို့နှင့် ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲစဉ်များကို ဗယ်လေကာနိုက ဗယ်လ်လီကတ်စ်ဘောလုံးကွင်းတွင် ကစားခွင့်မရဘဲ ပွဲရွှေ့ဆိုင်းသည့်အခြေအနေမျိုးဖြင့် ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေသည်။