News

POST TYPE

SPORTS

ခရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်များ မဲခွဲထုတ်ပြန်၊ လီဗာပူးနှင့် ချယ်လ်ဆီး ထိပ်တိုက်တွေ့
31-Aug-2018 tagged as Soccer Carabao Cup


လန်ဒန်၊ သြဂုတ် ၃၁

အင်္ဂလန်ခရာဘောင်းဖလား(လိဂ်ဖလား)ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးများ စတင်ပါဝင်လာတော့မည့် ခရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်တွင် ပရီးမီးယားလိဂ်၌ ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေသော လီဗာပူးနှင့် ချယ်လ်ဆီးတို့မှာ ထိပ်တိုက်တွေ့သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးနှင့် ချယ်လ်ဆီးတို့သည် ခရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်ကြရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အပြီး ငါးရက်အကြာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၎င်းတို့နှစ်သင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းတွင် ထိပ်တိုက်ပြန်တွေ့ကြဦးမည်ဖြစ်သည်။

ခရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်ရာတွင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့သော ပွဲစဉ်အရေအတွက် လေးပွဲပါဝင်လာခဲ့ပြီး ယင်းပွဲစဉ်များမှာ လီဗာပူးနှင့် ချယ်လ်ဆီး၊ စပါးနှင့် ၀က်ဖို့ဒ်၊ အဲဗာတန်နှင့် ဆောက်သမ်တန်၊ ဝုလ်ဗာဟမ်တန်နှင့် လက်စတာတို့ အားပြိုင်ကြရမည့်ပွဲစဉ်များဖြစ်သည်။

မန်ယူသည် ခရာဘောင်းဖလားတတိယအဆင့်တွင် ချန်ပီယံရှစ်ကလပ် ဒါဘီကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် ဧည့်ခံကစားရလိမ့်မည်ဖြစ်ပြီး အကယ်၍ ယင်းပွဲစဉ်တိုင်သည်အထိ မန်ယူနည်းပြအဖြစ် မော်ရင်ညို ဆက်ရှိနေမည်ဆိုပါက ဒါဘီအသင်းကို ဦးဆောင်နေသော နည်းပြလမ်းပတ်နှင့် ၎င်းအကြားတွင် ဆရာတပည့်အားပြိုင်သည့်ပွဲစဉ်အသွင် ဖြစ်လာလိမ့်မည်ဖြစ်သည်။

ခရာဘောင်းဖလား လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ခရာဘောင်းဖလားပြိုင်ပွဲ တတိယအဆင့်တွင် အဝေးကွင်းသို့ သွားရောက်၍ အသင်းငယ်တစ်သင်းဖြစ်သော အောက်စဖို့ဒ်ယူနိုက်တက်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး နည်းပြ ယူနိုင်းအမ်မရီ ဦးဆောင်လျက်ရှိသော အာဆင်နယ်ကမူ ခရာဘောင်းဖလားပြိုင်ပွဲ တတိယအဆင့်တွင် ဘရန့်ဖို့ဒ်နှင့် ကစားရလိမ့်မည်ဖြစ်သည်။

ခရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်များ
------------------------------------------------------------
ဝက်စ်ဘရွန်း - ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ် - ဘရန့်ဖို့ဒ်

ဘာတန် - ဘန်လေ

ဝိုင်ကွမ်ဘီ - နောဝစ်ခ်ျ

အောက်စဖို့ဒ်ယူနိုက်တက် - မန်စီးတီး

ဝက်စ်ဟမ်း - မက္ကလက်စ်ဖီးလ်

မီဝေါလ် - ဖူလ်ဟမ်

လီဗာပူး - ချယ်လ်ဆီး

ဘုန်းမောက် - ဘလက်ဘန်း

ပရက်စတန် - မစ်ဒယ်ဘရော့

ဝုလ်ဗာဟမ်တန် - လက်စတာ

စပါး - ၀က်ဖို့ဒ်

ဘလက်ပူးလ် - ကျူပီအာ

အဲဗာတန် - ဆောက်သမ်တန်

မန်ယူ - ဒါဘီ

နော်တင်ဟမ် - စတုတ်စီးတီး