POST TYPE
SPORTS
အခက်အခဲများကို ရင်ဆိုင်နေရသည်မှာ မန်ယူမဟုတ်ဘဲ မြန်မာနိုင်ငံသာဖြစ်သည်ကို သတင်းများဖတ်ကြည့်ပါက သိနိုင်လိမ့်မည်ဟု မော်ရင်ညို ပြောကြား
31-Aug-2018

မန်ချက်စတာ၊ သြဂုတ် ၃၁
မန်ယူနည်းပြ မော်ရင်ညိုသည် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်တွင် သတင်းထောက်ဖြစ်သူက မန်ယူမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရသောအချိန်ကာလသို့ ရောက်ရှိနေသည်ဟု ထင်မြင်ခြင်း ရှိ၊ မရှိ မှတ်ချက်ပေးရန် တောင်းဆိုသည်ကို မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေများနှင့်ချိန်ထိုး၍ အဖြေပေးသွားခဲ့ကြောင်း Yahoo က ဖော်ပြထားသည်။
မော်ရင်ညိုသည် ၎င်း၏မန်ယူအသင်းမှာ ခက်ခဲသည့်အချိန်ကာလများကို ဖြတ်သန်းရင်ဆိုင်နေရခြင်းမဟုတ်ကြောင်း အသိပေးသွားခဲ့ပြီး အခက်အခဲများနှင့် အမှန်တကယ် ရင်ဆိုင်နေရသည်မှာ မြန်မာနိုင်ငံဖြစ်သည်ကို သတင်းများဖတ်ကြည့်ပါက သိရှိနိုင်လိမ့်မည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့သေးသည်။
သတင်းထောက်ဖြစ်သူ၏အင်တာဗျူးမေးမြန်းမှုကို မော်ရင်ညိုက “ကျွန်တော်တို့မှာ အခက်အခဲဆိုတာ လုံးဝမရှိပါဘူး။ အခုပွဲစခင်မှာ ခင်ဗျား သတင်းတွေဖတ်ဖြစ်ခဲ့ရင် တွေ့နိုင်ပါလိမ့်မယ်။ သတင်းတွေ ရှာဖတ်ကြည့်ပေါ့ဗျာ။ သတင်းတွေမှာ မြန်မာနိုင်ငံအကြောင်းကို တွေ့ရပါလိမ့်မယ်။ သူတို့ကမှ တကယ့်ကို ခက်ခဲတဲ့အချိန်ကာလနဲ့ ရင်ဆိုင်နေရတာဗျ”ဟု ဖြေကြားသွားခဲ့သည်။
မန်ယူသည် စပါးကို အရေးနိမ့်လိုက်ရသည့်ပွဲစဉ်အပြီးတွင် ၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်း၌ ရာသီဖွင့်ပွဲစဉ် သုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်ရသည့်အခြေအနေကို တစ်ကျော့ပြန်လည် ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် မန်ယူ၏အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့် ၁၃ ထိတိုင် ကျဆင်းရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ယခုသီတင်းပတ်တွင် ဘန်လေနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ယူအသင်း ရှုံးပွဲကြုံခဲ့မည်ဆိုပါက မော်ရင်ညိုမှာ ရာထူးထုတ်ပယ်ခံရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး မော်ရင်ညို၏နေရာကို အစားဝင်၍ မန်ယူနည်းပြသစ်ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည်မှာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဖြစ်သည်။
- VIA
- Thura Htun
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019