News

POST TYPE

SPORTS

အိုလံပစ်ပြိုင်ပွဲတွင် E-Sports ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးရန် တောင်းဆိုသွားမည်
30-Aug-2018 tagged as Asian Games E-Sports Olympic Games


ဂျကာတာ၊ သြဂုတ် ၃၀

E-Sports အားကစားသမားများသည် အနာဂတ် အိုလံပစ်ပြိုင်ပွဲများတွင် ဗီဒီယိုဂိမ်းပြိုင်ပွဲများကို အားကစားနည်းတစ်ရပ်အဖြစ် ထည့်သွင်းကျင်းပပေးပါရန် တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အာရှအားကစားပြိုင်ပွဲတွင် E-Sports ဗီဒီယိုဂိမ်းပြိုင်ပွဲများကို အားကစားနည်းတစ်ရပ်အဖြစ် ထည့်သွင်းကျင်းပပေးနေပြီး အောင်မြင်မှုများလည်း ရရှိနေသည့်အတွက် E-Sports ကို အိုလံပစ်အားကစားနည်းတစ်ရပ် ဖြစ်ခွင့်ရလာနိုင်စေရန် အားကစားသမားများက ရည်မှန်းချက် ထားရှိလာကြခြင်းဖြစ်သည်။

ကမ္ဘာ့ထိပ်တန်းဂိမ်းကုမ္ပဏီကြီးများကလည်း E-Sports ကို အိုလံပစ်အားကစားနည်းအဖြစ် အသိအမှတ်ပြုလိုက်မည်ဆိုပါက ပြိုင်ပွဲအတွက် လိုအပ်သည်များကို စပွန်ဆာပေးရန် အသင့်ပြင်ထားပြီး E-Sports မှာ အသိဥာဏ်နှင့် ကျွမ်းကျင်မှုကို ပေါင်းစပ်ကာ အားပြိုင်ရသော အားကစားနည်းဖြစ်၍ အိုလံပစ်ပြိုင်ပွဲ၏လူကြိုက်များသော အဆင့်မြင့်အားကစားနည်းများတွင် တစ်ခုအပါအ၀င်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းဂိမ်းကုမ္ပဏီကြီးများက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော အာရှအားကစားပြိုင်ပွဲတွင် E-Sports ပြိုင်ပွဲများကို ကစားနည်း ခြောက်နည်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အနာဂတ်ကာလတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲများတွင် ကစားနည်းများကို တိုးချဲ့၍ E-Sports ကို တွင်ကျယ်စေရန် ပိုမိုဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။