News

POST TYPE

SPORTS

အသင်း၏အထက်တွင် မည်သူမျှမရှိကြောင်း ဆာလားဟ်ကို အီဂျစ်ဘောလုံးအဖွဲ့ချုပ် သတိပေး
30-Aug-2018


ကိုင်ရို၊ သြဂုတ် ၃၀

အီဂျစ်ဘောလုံးအဖွဲ့ချုပ်သည် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို အသင်း၏အထက်တွင် မည်သူမျှမရှိဟု သတိပေးစကားပြောကြားလိုက်ပြီဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရသော ကစားသမားအားလုံးကို ၎င်းတို့ဘက်က သာတူညီမျှဖြင့်သာ ဆက်လက် ဆက်ဆံသွားမည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကလည်း ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ဆာလားဟ်သည် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲစဉ်များ ကစားရန် ၎င်းကိုခေါ်ယူချိန်တွင် အပိုသက်တော်စောင့်များ ထားရှိပေးစေလိုသည်ဟု တောင်းဆိုလိုက်ခြင်းဖြစ်ကာ အသင်းအတွက် အရေးပါသော ကစားသမားတစ်ဦးကို ယင်းသို့ စီစဉ်မပေးနိုင်ပါက အီဂျစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအနေနှင့် ရာထူးနုတ်ထွက်လိုက်သင့်ကြောင်း ဆာလားဟ်က ပြောကြားထားသည်။

ဆာလားဟ်သည် အီဂျစ်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်များ ကစားပေးရန် သွားရောက်ချိန်တိုင်းတွင် အမှတ်တရလက်မှတ်ရေးထိုးပေးရန် တောင်းဆိုသော ပရိသတ်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးလိုသော ပရိသတ်များကြောင့် အမြဲတစေ စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပြီး အချို့သောပရိသတ်များမှာ ၎င်းအိပ်နေချိန်၌ပင် ဟိုတယ်အခန်းတံခါးကို လာခေါက်၍ ဒုက္ခပေးတတ်ကြောင်း ဆာလားဟ်က အသိပေးထားသည်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်သည် ဆာလားဟ်၏လုပ်ရပ်မှာ လေးစားမှုကင်းမဲ့လွန်းလှသည်ဟုလည်း အပြစ်တင်ထားပြီး ဆာလားဟ်၏အကျိုးဆောင်ကိုယ်စားလှယ်များကမူ ၎င်းတို့ဘက်က ကစားသမား၏လုံခြုံရေးကို စိုးရိမ်ရသည့်အခြေအနေကြောင့် တောင်းခံသင့် တောင်းခံအပ်သောအရာကိုသာ တောင်းခံခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။