News

POST TYPE

SPORTS

လာလီဂါပွဲစဉ်များကို မက္ကဆီကိုတွင် ကျင်းပနိုင်ရန် ဆွေးနွေးသွားမည်
30-Aug-2018


မက္ကဆီကိုစီးတီး၊ သြဂုတ် ၃၀

မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်သည် စပိန်လာလီဂါအမှတ်ပေးဘောလုံးပြိုင်ပွဲများကို ၎င်းတို့၏နိုင်ငံတွင် ကျင်းပနိုင်ရန်အတွက် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီနှင့်ဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် လက်ရှိတွင် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပေးရန်အတွက် ၁၅ နှစ်သက်တမ်း စပွန်ဆာစာချုပ်တစ်ရပ် ချုပ်ဆိုထားပြီဖြစ်ပြီး လာလီဂါပြိုင်ပွဲဝင်အသင်းများ၏အသင်းခေါင်းဆောင်များနှင့် စပိန်နိုင်ငံဆိုင်ရာ ဘောလုံးကစားသမားများအစည်းအရုံးတို့က ယင်းအစီအစဉ်ကို ကန့်ကွက်မှုများရှိနေသည့်တိုင် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက စပိန်ဘောလုံးအဖွဲ့ချုပ်ထံမှနေ၍ ထောက်ခံချက်ရယူကာ အကောင်အထည်ဖော်သွားဖွယ်ရှိနေသည်။

မက္ကဆီကိုနိုင်ငံသည် စပိန်နိုင်ငံ၏နောက်တွင် လာလီဂါအမှတ်ပေးပြိုင်ပွဲကို အားပေးမှုအမြင့်မားဆုံးနိုင်ငံတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံဆိုင်ရာ လာလီဂါပြိုင်ပွဲကိုယ်စားလှယ် နူနို ပီရက်ဇ်-ပလာကလည်း လာလီဂါဘောလုံးပွဲစဉ်များကို စပိန်နိုင်ငံပြင်ပတွင် ကျင်းပရန် စီစဉ်ခြင်းမှာ အနာဂတ်ဈေးကွက်သစ်တစ်ခုကို ဖန်တီးဖော်ဆောင်ခြင်းဟု ထောက်ခံအားပေးလျက်ရှိသည်။

စပိန်လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် ပရိသတ်ကြိုက်အသင်းများဖြစ်သော ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ပွဲစဉ်များအနက်မှ ပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပေးရန် စီစဉ်နေခြင်းဖြစ်ပြီး ဘောလုံးအသင်းများဘက်ကလည်း သဘောထားတင်းမာနေမည့်အစား အပြောင်းအလဲကို လက်ခံကာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရန် ကြိုးပမ်းသင့်ကြောင်း လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက တိုက်တွန်းလျက်ရှိသည်။