News

POST TYPE

SPORTS

မော်ရင်ညို ရာထူးထုတ်ပယ်ခံရလိမ့်မည်ဟု ယုံကြည်သည့်အတွက် စာချုပ်သစ်ကို မာတီရယ်လ် လက်မှတ်ထိုးတော့မည်
30-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၃၀

မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းဘက်က ကမ်းလှမ်းထားသော ငါးနှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် လွန်စွာနီးစပ်သွားခဲ့ပြီဖြစ်ပြီး ယင်းသို့ မန်ယူနှင့်စာချုပ်သစ်ချုပ်ရန် မာတီရယ်လ် စိတ်ပြန်လည်လာခဲ့သည်မှာ များမကြာမီအချိန်အတွင်း နည်းပြ မော်ရင်ညို ရာထူးထုတ်ပယ်ခံရတော့မည်ဟု ၎င်းက တစ်ထစ်ချ ယုံကြည်ထား၍ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် အစောပိုင်း၌ အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းသည်ကို လက်မှတ်မထိုးဘဲ အကြိမ်ကြိမ် ငြင်းဆန်ပယ်ချခဲ့သည်မှာ ၎င်းနှင့် န.ည်းပြ မော်ရင်ညိုအကြား၌ ဆက်ဆံရေးအဆင်မပြေမှုများ ရှိနေခြင်းကြောင့်ဖြစ်ပြီး မော်ရင်ညို၏နေရာကို အစားဝင်ရောက်ရန် ရေပန်းစားနေသော နည်းပြ ဇီဒန်းလက်ထက်တွင် ၎င်းအတွက် အခွင့်အရေးများရှိလာနိုင်သည်ဟု ယူဆကာ မာတီရယ်လ်က စာချုပ်သစ်ချုပ်ဆိုရေးကို အသင်းတာဝန်ရှိသူများနှင့် တစ်ကျော့ပြန်လည် စကားပြောဆိုလာခဲ့ခြင်းဖြစ်သည်။

မန်ယူသည် စာချုပ်သစ်တွင် မာတီရယ်လ်၏တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင် ၁၃၀,၀၀၀ သို့ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အက်သလက်တီကိုနှင့် အေစီမီလန်တို့က အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် မာတီရယ်လ်ကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းထားသော်လည်း မန်ယူအသင်းတာဝန်ရှိသူများက ယင်းကမ်းလှမ်းမှုများအားလုံးကို ငြင်းဆန်ပယ်ချထားဆဲဖြစ်သည်။

မန်ယူအသင်းဝန်ထမ်းများနှင့် ကစားသမားများသည် ယခုသီတင်းပတ်၌ ယှဉ်ပြိုင်ရမည့် ဘန်လေနှင့်ပွဲစဉ်တွင် အသင်းရလဒ်ဆိုးရွားခဲ့ပါက နည်းပြ မော်ရင်ညို ရာထူးထုတ်ပယ်ခံရတော့မည်ကို အရိပ်အမြွက် သိရှိနေကြပြီဖြစ်ပြီး အသင်းနှင့် မာတီရယ်လ်အကြားတွင် စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိတော့ခြင်းကြောင့် စာချုပ်သစ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေးကို မန်ယူအသင်းတာဝန်ရှိသူများကလည်း လိုလားနေကြသည်။