News

POST TYPE

SPORTS

အသင်းကစားသမားဟောင်း ဒီးယားဇ်ကို ရီးရဲလ်မက်ဒရစ် ပြန်လည်ခေါ်ယူ
30-Aug-2018 tagged as Soccer La Liga Real Madrid Mariano Diaz


မက်ဒရစ်၊ သြဂုတ် ၃၀

ရီးရဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် လိုင်ယွန်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသော အသင်းကစားသမားဟောင်း မာရီယာနို ဒီးယားဇ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ အသုံးပြု၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

စပိန်နွယ်ဖွား ဒိုမီနီကန်နိုင်ငံသား ဒီးယားဇ်သည် ရီးရဲလ်မက်ဒရစ်လူငယ်အကယ်ဒမီက ထွက်ပေါ်လာခဲ့သော ကစားသမားတစ်ဦးဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းကြီးအဆင့်တွင် ပွဲထွက်ခွင့်ရရန် မလွယ်ကူသောကြောင့် ၎င်းက ပြင်သစ်လီဂူးကလပ် လိုင်ယွန်ထံ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒီးယားဇ်သည် ယမန်နှစ်ဘောလုံးရာသီ၌ လိုင်ယွန်ကို ကိုယ်စားပြု၍ ပြင်သစ်လီဂူး ပွဲစဉ်ပေါင်း ၃၀ ပါဝင်ကစားပေးခွင့်ရခဲ့ကာ ယင်းပွဲစဉ် ၃၀ ၌ ဒီးယားဇ်က အသင်းအတွက် သွင်းဂိုး ၁၈ ဂိုး ရယူပေးနိုင်ခဲ့ပြီး ဘင်ဇီးမားတစ်ဦးတည်းကို အားပြုနေရသော ဗဟိုတိုက်စစ်ကို အပြောင်းအလဲလုပ်ရန်အတွက် ဒီးယားဇ်ကို ခေါ်ယူလိုက်ခြင်းဖြစ်သည်ဟု နည်းပြ လိုပီတီဂွီက ရှင်းပြသွားခဲ့သည်။ 

ဒီးယားဇ်သည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ရီးရဲလ်မက်ဒရစ်နှင့် ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကာ အခြားသောတစ်ဖက်တွင် ဆဲလ်တာဗီဂိုတိုက်စစ်မှူး အက်စ်ပတ်စ်ကို ခေါ်ယူနိုင်ရန်အတွက်လည်း ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်မှုများရှိနေသေးသည်။