News

POST TYPE

SPORTS

လော့ဖ်တပ်စ်ချိခ်ကိုခေါ်ယူရန် မိုနာကို ချိတ်ဆက် ကမ်းလှမ်း
29-Aug-2018


လန်ဒန်၊ သြဂုတ် ၂၉

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ချယ်လ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိခ်ကိုခေါ်ယူရန် ချိတ်ဆက်ကမ်းလှမ်းမှုများရှိနေပြီဖြစ်ပြီး နည်းပြ ဆာရီ၏လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရမည့်အခြေအနေများရှိနေခြင်းကြောင့် လော့ဖ်တပ်စ်ချိခ်မှာ အသင်းပြောင်းလိုနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်ဟု Sportmail က ဖော်ပြထားသည်။

လော့ဖ်တပ်စ်ချိခ်သည် ချယ်လ်ဆီးက ဟတ်ဒါးစဖီးလ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ရာသီဖွင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲချိန် ၂၂ မိနစ်မျှသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ချယ်လ်ဆီးက အာဆင်နယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သော ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်တွင်မူ နည်းပြ ဆာရီက လော့ဖ်တပ်စ်ချိခ်ကို အရန်ကစားသမားစာရင်း၌ပင်လျှင် ထည့်သွင်းခေါ်ယူလာခြင်း မရှိခဲ့သည်ကို မြင်ခဲ့ကြရသည်။

မိုနာကိုသည် လော့ဖ်တပ်စ်ချိခ်ကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော တစ်နှစ်သက်တမ်းအငှားစာချုပ်ဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ပြီး လော့ဖ်တပ်စ်ချိခ်ကလည်း အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ဆက်လက်ရနိုင်စေရေးအတွက် ၎င်းကို လုံလောက်သော ပွဲထွက်ခွင့်တစ်ရပ် ပေးစေလိုကြောင်း နည်းပြ ဆာရီကို တောင်းဆိုထားသော်လည်း အခွင့်အရေးရနိုင်မည့်အခြေအနေ လွန်စွာ နည်းပါးလျက်ရှိသည်။

အသက် ၂၂ နှစ်အရွယ်ရှိ လော့ဖ်တပ်စ်ချိခ်သည် ကျင်းပပြီးစီးခဲ့သည့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ အရေးပါသောအခန်းကဏ္ဍတစ်ရပ်မှနေ၍ ခြေစွမ်းပြ ကစားခွင့်ရခဲ့ပြီး နည်းပြဆာရီမှာ ၎င်း၏တပည့်ရင်းဖြစ်သူ ဂျော်ဂျင်ညိုကို လော့ဖ်တပ်စ်ချိခ်ထက် ယုံကြည်မှု ပိုရှိနေခြင်းကြောင့် လော့ဖ်တပ်စ်ချိခ်အတွက် ပွဲထွက်ခွင့်မှာ မှေးမှိန်သွားရခြင်းဖြစ်သည်။