News

POST TYPE

SPORTS

လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ပြီဖြစ်ကြောင်း ဗာဒီ ထုတ်ပြန်ကြေညာ
29-Aug-2018


လန်ဒန်၊ သြဂုတ် ၂၉

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဗာဒီသည် လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်ပြီး ၎င်းအနေနှင့် ယင်းသို့ ဆုံးဖြတ်လိုက်ရသည်မှာ မိခင်ကလပ် လက်စတာအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားပေးလို၍ဖြစ်သည်ဟု ဗာဒီက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဗာဒီသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၂၆ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ပြီး နည်းပြဆောက်ဂိတ်က လူငယ်မျိုးဆက်သစ်များကို ပိုမိုနေရာပေးလိုသည့်အချက်ကလည်း ဗာဒီအတွက် လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်းရန် တွန်းအားတစ်ခု ဖြစ်ဖွယ်ရှိသည်။

ဗာဒီသည် ၂၀၁၅ ခုနှစ် ဇွန်လတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို စတင်ကိုယ်စားပြုခွင့်ရခဲ့ပြီး ၎င်း၏လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အင်္ဂလန်အတွက် ဗာဒီက သွင်းဂိုးခုနစ်ဂိုး ရယူပေးနိုင်ခဲ့သည်။

ဗာဒီသည် ၎င်းအနေနှင့် မိသားစုကို အချိန်ပို၍ ပေးလိုစိတ်ရှိနေပြီဖြစ်ကြောင်းလည်း ဖွင့်ဟပြောကြားထားကာ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားခွင့်ရခဲ့သည့်အချိန်များကို တစ်သက်တာလုံး အမှတ်ရဂုဏ်ယူနေမည်ဟုလည်း ဗာဒီက ဆက်လက် အသိပေးသွားခဲ့သေးသည်။