News

POST TYPE

SPORTS

မော်ရင်ညိုရဲ့အင်ပါယာခေတ်တစ်ခု နေ၀င်မှာကို စိုးလှပါတယ်

မော့်ကို ထုတ်တော့မည်တဲ့လား။ တပ်ဖ်မောဟာ သူ့အတွက် နောက်ဆုံးစစ်ပွဲတဲ့လား။ ဘန်လေကို တပ်ဖ်မောမှာ အနိုင်မရဘူးဆိုရင် ထွက်တော်မူ နန်းကခွာပြဇာတ်ထဲ မော် သရုပ်ဆောင်ပေးရတော့မှာတဲ့လား။ တကယ်တော့ မော် ဘာတစ်ခုမှ မမှားခဲ့ပါ။ ပထမဆုံးသောဘောလုံးရာသီမှာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်။ ဒုတိယမြောက်ဘောလုံးရာသီမှာ အက်ဖ်အေဖလားဒုတိယဆုနဲ့ ပရီးမီးယားလိဂ် အဆင့်နှစ်။ မန်ယူအတွက် သူ ဒါတွေကို ဆွတ်ယူပေးခဲ့ပြီးပြီ။ အခုတော့ သူ့ကို ထွက်တော့တဲ့။ အသင်းရဲ့ရလဒ်ဆိုးတွေအတွက် မော် တစ်ယောက်တည်း ခေါင်းခံလည်စင်းပေးရတော့မှာတဲ့လား။ 

အခုနောက်ပိုင်းနှစ်တွေထဲမှာ အသင်းတစ်သင်း ရလဒ်တွေဆိုးလာရင် နည်းပြသာ အပြစ်ရှိသူအဖြစ် ခေါင်းခံရမှုတွေ အရမ်းများလာပါတယ်။ မန်ယူပရိသတ်တွေကလည်း “မော်ကြီးရာ…မင်းဒိုးလိုက်ပါတော့။ ဇီဇူးရေ…..အမြန်လာပါတော့”သီချင်းတွေ သီဆိုနေတာ တစ်မိုးလုံးဖျောက်ဆိပ်ဖြစ်နေပါပြီ။ တကယ်က မော်ဟာ မနှစ်ကဘောလုံးရာသီတုန်းက ပီရီဆစ်ကို ခေါ်ယူချင်ခဲ့တာ အားလုံးအသိပါ။ ဒါပေမဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ရဲ့ဝေ့လည်ကြောင်ပတ်မှုတွေကြောင့် ပီရီဆစ်ဟာ မန်ယူဆီကို ရောက်မလာခဲ့ပါဘူး။ ဒီနှစ်မှာလည်း ဗဟိုခံစစ်မှူးတစ်ယောက်လောက် ထပ်ခေါ်ပေးဖို့ကို မော် က တစာစာတောင်းဆိုခဲ့ပါတယ်။ အက်ဒ်ဝုဒ်ဝါးဒ်ကတော့ တုံဏှိဘာဝေ တုပ်တုပ်မျှမလှုပ်ပါပဲ။

တကယ်က အသင်းရဲ့လူဝယ်ယူမှုတွေဟာ အမှုဆောင်အရာရှိချုပ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်သလို ရှိပါတယ်။ နည်းပြက ဒီကစားသမားတွေ လိုချင်တယ်ပြောပေမယ့် အမှုဆောင်အရာရှိချုပ်တွေက အောင်အောင်မြင်မြင် ဆွေးနွေးမပေးဘူးဆိုရင် အဆင်ချောဖို့က သိပ်မလွယ်လှပါဘူး။ တကယ်က မန်ယူရဲ့အစဉ်အဆက် အမှုဆောင်အရာရှိချုပ်တွေထဲမှာ အက်ဒ်ဝုဒ်ဝါးဒ်က အညံ့ဆုံးပါပဲ။.မာတင်အက်ဒွပ်၊ ပီတာကင်ညွန်နဲ့ ဒေးဗစ်ဂီးလ်စတဲ့ သူ့ရှေ့ကလူတွေဟာ တကယ့်ကို ဇော်တွေချည်းဖြစ်တယ်ဆိုတာ မန်ယူပရိသတ်တွေ အသိဆုံးပါ။ ကစားသမားတစ်ယောက်ကို ခေါ်ချင်ပြီဆိုရင် ဘယ်နည်းလမ်းနဲ့ ဆွေးနွေးမယ်၊ ဘယ်ဈေးနဲ့ ရအောင်ဝယ်မယ်၊ အဲ့ဒီဈေးနဲ့အဆင်မပြေခဲ့ရင် သူ့အစား ဘယ်သူ့ကို လိုက်မယ် စသဖြင့် အစီအမံတွေ ချမှတ်မှုမှာ သူ့ရှေ့က ပုဂ္ဂိုလ်သုံးဦးကို အက်ဒ်ဝုဒ်ဝါးဒ် လုံးဝမမီပါဘူး။

နောက်တစ်ချက်က အက်ဒ်ဝုဒ်ဝါးဒ်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပါ။ သူဟာ သူနဲ့အကြောမတည့်တော့တဲ့ နည်းပြဆိုရင် ပညာပြလေ့ရှိပါတယ်။ အသင်းအတွက် ဆိုတာမျိုးကို သူက ရှေ့တန်းတင်စဉ်းစားတာမျိုး လုပ်လေ့မရှိပါဘူး။ မိုယက်စ် ရောက်လာတယ်။ မတတ်သာ တတ်သာနဲ့ သူ လူနှစ်ယောက် ခေါ်ပေးခဲ့ပါတယ်။ အဲ့ကတည်းက မိုယက်စ် အလိုရှိတဲ့ကစားသမားစာရင်းထဲမှာ ဟာရီရာ ပါဝင်ခဲ့ပေမယ့် သူ လုပ်မပေးခဲ့ပါဘူး။ နောက်တော့ ဗန်ဟားလ်ကို သူတင်သွင်းလာခဲ့ပါတယ်။ သူ့စိတ်ကြိုက်ရွေးတဲ့နည်းပြဖြစ်တာကြောင့်လား မသိပါဘူး။ ငွေကို ရေလိုသုံးပြီး ၀ယ်ပေးတော့တာပါပဲ။ ဒီမှာတင် အက်ဒ်ဝုဒ်ဝါးဒ်ရဲ့လူခေါ်ယူပုံကို ပြောဖို့ဖြစ်လာပါပြီ။ အက်ဒ်ဝုဒ်ဝါးဒ်က ညှိမယ်နှိုင်းမယ်၊ အလျှော့အတင်းကစားမယ်ဆိုတဲ့ စိတ်ကူးကို ရှေ့တန်းတင်လေ့ မရှိပါဘူး။ အေးဂျင့်ခ သုံးမယ်၊ စာချုပ်ဖျက်သိမ်းခပေးလိုက်မယ်၊ ဒါဆို သူ တာဝန်ကျေပြီလို့ အတွေးဝင်နေသူပါ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ မန်ယူက ကစားသမားခေါ်ယူရတာ အရမ်းခက်လာတာဖြစ်ပါတယ်။

ကစားသမားတစ်ယောက်ကို မန်ယူက လိုချင်နေပြီဆိုရင် အဲ့ဒီကစားသမားကို ပိုင်ဆိုင်ထားတဲ့အသင်းက စာချုပ်ဖျက်သိမ်းခ မရရအောင် တင်းခံတာတွေ၊ ကစားသမားဖြစ်သူရဲ့အကျိုးဆောင်အေးဂျင့်က သူ့အတွက် မြိုးမြိုးမြက်မြက် ကျန်အောင် လုပ်ဆောင်တာတွေကြောင့် မန်ယူ အကျပ်တွေ့သထက် တွေ့လာရတာကို လက်ရှိဖြစ်စဉ်တွေက သက်သေပါပဲ။ သေချာတာက ဘန်လေနဲ့ မန်ယူတို့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်ဒ်ဝုဒ်ဝါးဒ်ကို မန်ယူပရိသတ်တွေက လေယာဉ်ပျံမှာ စာတန်းချိတ်ဆွဲပြီး ဆန္ဒပြပါတော့မယ်။ မော်ရင်ညို အလိုရှိတဲ့ ကစားသမားတွေက အသက် ၂၈ နှစ်နဲ့အထက် ဖြစ်နေတာကြောင့် ခေါ်ယူမပေးလိုတာဆိုတဲ့ အကြောင်းပြချက်ကလည်း သိပ်တော့ ဘောင်မ၀င်လှပါဘူး။ စပါးနဲ့ပွဲပြီးတော့ မော်ရင်ညိုက သတင်းမီဒီယာတွေကို မာမာထန်ထန်နဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်။ “ခင်ဗျားတို့က ရလဒ်ကောင်းတော့ ကစားပုံကို ပြဿနာရှာတယ်။ ကစားပုံကောင်းပြီး ရလဒ်လည်းဆိုးရော ရလဒ်မကောင်းတာက အပြစ်ဖြစ်သွားရော”ဆိုတာ မော်ရင်ညိုရဲ့ရင်တွင်းဖြစ် စကားသံတွေပါပဲ။

အကြောင်းတိုက်ဆိုင်လာလို့ ဟာသလေးတစ်ခုကို ပြောချင်မိပါတယ်။ လူတစ်ယောက်ဟာ မိန်းမလိုချင်တော့ နတ်ကွန်းသွားပြီး ဆုတောင်းပါသတဲ့။ “အရှင်နတ်မင်းကြီး…..ကျွန်တော့်ကို ရုပ်ချော၊ ပညာတတ်၊ ချမ်းသာ၊ သဘောကောင်း၊ အိမ်မှုကိစ္စနိုင်နင်းတဲ့ ဇနီးတစ်ယောက်လောက် ချီးမြှင့်ပါ”လို့ သူက ဆုတောင်းတာပါ။ အဲ့တော့ နတ်မင်းကြီးက သူ့ကို “ချစ်သား…..အဲ့ဒီလိုဆိုရင်တော့ မိန်းမငါးယောက် ယူမှပဲဖြစ်လိမ့်မယ်” ပြန်ပြောလိုက်ပါသတဲ့။ 

အခုလည်း မော်ဆီကနေပြီး အရာရာကို ရနိုင်ဖို့တော့ မလွယ်ပါဘူး။ တကယ်က သူ့ခေတ်ဟာ ကုန်သွားတာ မဟုတ်ပါဘူး။ သူက အဆင်သင့်(Ready Made)ကစားသမားတွေ သုံးတတ်တာ၊ အသင်းရဲ့အင်အားကို အပိုနဲ့ဖြည့်ထားချင်တာ စတာတွေကို နားလည်မယ်ဆိုရင် အရာရာဟာ ပြေလည်သွားနိုင်ပါတယ်။ ဘတ်စ်ကားပဲ မောင်းမောင်း…..ပြိုင်ကားပဲ မောင်းမောင်း သူ့စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူရရှိရင် မော်ရင်ညိုက လုပ်ပြနိုင်စွမ်းရှိတယ်ဆိုတာကို သူ့ဖြတ်သန်းမှုတွေက သက်သေခံထားတာ ဘယ်သူမှ ငြင်းမရပါဘူး။ မော်ရင်ညိုရဲ့ရာထူးကို ဆက်ခံဖို့ ဇီဇူး၊ ပိုချက်တီနို၊ ဘလန့် စသဖြင့် ဘယ်သူပဲ အသံထွက်ထွက် “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ”တဲ့ကိန်းပဲ ဆိုက်မှာပါ။

ဗန်ဟားလ်လက်ထက်မှာ ရလဒ်တွေဆိုးတုန်းက “စပါယ်ရှယ်ဝမ်းကို အမြန်ခေါ်ပေးပါ”လို့ ဟစ်ကြွေးခဲ့တဲ့ကာလကို မန်ယုပရိသတ်တွေ မမေ့သင့်ပါဘူး။ အခု “မော်ရင်ညိုကို ထုတ်……ဇီဇူးကို အမြန်ခေါ်ပေး”လို့ လုပ်လာတာတွေက တကယ့်ကို အော့နှလုံးနာစရာ ကောင်းလှပါတယ်။ တကယ်က မော်ရင်ညိုဟာ ပရီးမီးယားလိဂ်မှာ ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့လို ဒိတ်ဒိတ်ကြဲနည်းပြတွေနဲ့ ခေတ်ပြိုင်ဖြစ်ခဲ့သူပါ။ ချယ်လ်ဆီးကို သူလုပ်ပေးခဲ့တာတွေက သူဟာ ပရီးမီးယားလိဂ်မှာ မှတ်ကျောက်တင်ခံနိုင်စွမ်းရှိသူ နည်းပြတစ်ဦးဆိုတာကို သက်သေခံလို့နေပါတယ်။ 

အခုအချိန်မှာ မန်ယူအတွက် လိုအပ်နေတာက မာတင်အက်ဒွပ်လို အမှုဆောင်အရာရှိချုပ်ပါ။ “ဖာဂီကို ကျုပ်ယုံတယ်။ သူဘာတွေလုပ်နေတယ်ဆိုတာ ကျုပ်သိတယ်။ ဒီတော့ ခင်ဗျားတို့ ဖိအားပေးတာတွေကို ကျုပ်ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဖာဂီအနေနဲ့ သူ့အလုပ်ကို ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့အထိ ကျုပ်အခွင့်အရေးပေးသွားမယ်။ ပရိသတ်တွေတောင်းဆိုလည်း သူ့ကို ရာထူးက ထုတ်မှာမဟုတ်ဘူး။ မီဒီယာတွေက ပြောနေတာတွေကိုလည်း ကျုပ် ဂရုစိုက်မှာ မဟုတ်ဘူး”ဆိုတဲ့ မာတင်အက်ဒွပ်ရဲ့စကားဟာ အဆုံးသတ်မှာ မန်ယူခေတ်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့တာပါပဲ။ 

သမိုင်းထဲမှာ မော်တစ်ယောက်ရှိခဲ့ဖူးပါတယ်။ ကွန်မြူနစ်တပ်နီတော်ကြီးကို ဦးဆောင်ပြီး မြစ် ၂၄ စင်းနဲ့ တောင် ၁၈ လုံးကိုဖြတ်ပြီး ရှန်ဇီအထိ ခရီးရှည်ချီတက်ခဲ့တဲ့ မော်ပါ။ အဆုံးသတ်မှာတော့ အဲ့ဒီခရီးရှည်ချီတက်ပွဲကြီးက တရုတ်နိုင်ငံသမိုင်းမှာ မော်ကို မော်ဖြစ်စေခဲ့တော့တာပါပဲ။ ပရီးမီးယားလိဂ်က မော်ကိုလည်း ဆက်လက်ပြီး မော်နိုင်စေချင်မိပါတယ်။ မော်ရဲ့ခေတ်ကြီးတစ်ခု နေ၀င်သွားမှာကို တစ်ယောက်တည်းကျန်နေရစ်သူဖြစ်ပါစေ ကျွန်တော် စိုးထိတ်မိလှတာတော့ အမှန်ပါပဲ။