News

POST TYPE

SPORTS

ပြည့်တန်ဆာများနှင့်ပျော်ပါးခဲ့သော ဂျပန်ဘတ်စကက်ဘောကစားသမားများကို ပွဲပယ်ပြစ်ဒဏ်ချမှတ်
29-Aug-2018 tagged as Japan Basketball Asian Games

 

တိုကျို၊ သြဂုတ် ၂၉

 

အာရှအားကစားပြိုင်ပွဲ ပါဝင်ကစားရန် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့စဉ်တွင် ပြည့်တန်ဆာများကို အခကြေးငွေပေး၍ ပျော်ပါးခဲ့သော ဂျပန်လက်ရွေးစင် ဘတ်စကက်ဘောကစားသမား လေးဦးကို ဂျပန်ဘတ်စကက်ဘောအစည်းအရုံးက ပြိုင်ပွဲများပါဝင်ကစားခွင့် တစ်နှစ်ပိတ်ပင်ကာ အရေးယူလိုက်ကြောင်း Channel News Asia က ဖော်ပြထားသည်။

 

ဂျပန်ဘတ်စကက်ဘောအစည်းအရုံးသည် ပြည့်တန်ဆာများနှင့်ပျော်ပါးခဲ့သော ကစားသမားများကို လက်ရွေးစင်အသင်းမှ ချက်ချင်းထုတ်ပယ်စေ၍ နေရပ်သို့ ပြန်ခေါ်ခဲ့ပြီး ယင်းကစားသမားများ၏လုပ်ရပ်မှာ ဂျပန်နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ဂျပန်အားကစားလောကတို့၏ပုံရိပ်ကို လွန်စွာကျဆင်းစေခဲ့သည့်အတွက် ရှက်ရွံ့နာကျင်ရပါကြောင်း ဂျပန်ဘတ်စကက်ဘောအစည်းအရုံးဥက္ကဋ္ဌ ယူကို မစ်ဆုယက ဖွင့်ဟပြောကြားသွားခဲ့သည်။

 

ဂျပန်ဘတ်စကက်ဘောအစည်းအရုံးတာဝန်ရှိသူများသည် ယင်းကစားသမားများနှင့်အတူ သတင်းစာရှင်းလင်းပွဲကျင်းပကာ ဂျပန်နိုင်ငံသားများကို ၀န်ချတောင်းပန်သွားခဲ့ပြီး ပြိုင်ပွဲများ ပါဝင်ကစားခွင့် ပိတ်ပင်ခံလိုက်ရသော ကစားသမားလေးဦးမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ပြည်တန်ဆာများကျက်စားရာ မီးအိမ်နီရပ်ကွက်သို့ သွားရောက်ရာတွင် နိုင်ငံလက်ရွေးစင်အသင်း ဂျာစီအင်္ကျီများကို ၀တ်ဆင်သွားခဲ့သည်မှာလည်း သည်းမခံနိုင်ဖွယ်ရာဖြစ်သည်ဟု မစ်ဆုယက ဆက်လက် မှတ်ချက်ပေးသွားခဲ့သေးသည်။

 

ဂျပန်ဘတ်စကက်ဘောအစည်းအရုံးသည် နာဂါယိုရှီ၊ ဟာရှီမိုတို၊ ဆာတိုနှင့် အိုင်မာမူရာ စသည့် ကစားသမားလေးဦးကို ပြိုင်ပွဲများ ပါဝင်ကစားခွင့် တစ်နှစ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အမူအကျင့်ပိုင်းဆိုင်ရာကို ပြင်ဆင်မည်ဆိုပါက ဂျပန်နိုင်ငံတွင်ကျင်းပမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင်မူ ယင်းကစားသမားများမှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုရန် အခွင့်အရေးပြန်ရလိမ့်မည်ဟု ဂျပန်ဘတ်စကက်ဘောအစည်းအရုံးက အသိပေးထားသည်။