News

POST TYPE

SPORTS

ဆုကြေးငွေများကို လွမ်ဘော့ခ်ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းရန် အင်ဒိုနီးရှားကစားသမားများ ဆုံးဖြတ်
29-Aug-2018 tagged as Indonesia Asian Games


ဂျကာတာ၊ သြဂုတ် ၂၉

အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော အင်ဒိုနီးရှားကစားသမားများသည် ၎င်းတို့ရရှိသည့် ဆုကြေးငွေများကို လွမ်ဘော့ခ်ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးအပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ခ်ကျွန်းတွင် လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်က အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ယင်းငလျင်လှုပ်ခတ်မှုများကြောင့် လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ မိသားစုထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

အာရှအားကစားပြိုင်ပွဲ ကြက်တောင်ရိုက်အားကစားနည်း အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့သော အင်ဒိုနီးရှားကစားသမား ဂျိုနသန် ခရစ္စတိုင်းသည် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းအတွက် ၎င်းကို ချီးမြှင့်ခဲ့သော ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၂,၀၀၀ ကို လွမ်ဘော့ခ်ငလျင်ဘေးသင့်ပြည်သူများအတွက် အကုန်အစင် လှူဒါန်းပေးခဲ့ပြီး အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်နှင့် ငွေတံဆိပ်များ ဆွတ်ခူးရယူနိုင်ခဲ့သော အင်ဒိုနီးရှားကစားသမားများကလည်း ၎င်းတို့၏ပြိုင်ပွဲဝင်ဂျာစီအင်္ကျီများနှင့် ရိုက်တံများကို ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလှုငွေထည့်ဝင်နိုင်စေရန် လေလံတင်ထားခဲ့သည်။

ပန်ကျပ်ဆီလပ်၊ ဘော်လီဘော၊ ကရာတေးနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုတံဆိပ်ဆွတ်ခူးရယူနိုင်ခဲ့သော အင်ဒိုနီးရှားအားကစားသမားများသည်လည်း ငလျင်ဘေးသင့်ပြည်သူများအတွက် နည်းလမ်းအသွယ်သွယ်ဖြင့် အလှူငွေများ ပေးအပ်ထားကြပြီး အင်ဒိုနီးရှားအစိုးရကလည်း ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောင်ရွက်ရန် အရေးပေါ်ဘတ်ဂျက်တစ်ရပ် ရေးဆွဲထားပြီဖြစ်သည်။