News

POST TYPE

SPORTS

ခံစစ်အတွက် တည်ငြိမ်သောအထိုင်ကို မတည်ဆောက်နိုင်တော့ဟု မော်ရင်ညို အသိပေး
28-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၈

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် လက်ရှိအချိန်တွင် ခံစစ်အတွက်တည်ငြိမ်သော အထိုင်တစ်ခုကို မတည်ဆောက်နိုင်တော့ဟု အသိပေးပြောကြားလိုက်ပြီး နွေဈေးကွက်တွင် မော်ရင်ညိုက ခံစစ်ကို အင်အားဖြည့်ရန်အတွက် ကစားသမားအချို့ခေါ်ယူပေးပါရန် တောင်းဆိုခဲ့သည်ကို အသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က မလိုက်လျောခဲ့သည်မှာ လက်ရှိတွင် အသင်းကို ကြီးစွာရိုက်ခတ်လာတော့မည်ဖြစ်ကြောင်း ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း ထောက်ခံသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်တွင် ခံစစ်၌ ကွင်းလယ်ကစားသမား ဟာရီရာကိုပင် ထည့်သွင်းအသုံးပြုခဲ့ရပြီး ယင်းပွဲစဉ်တွင် ဖီးလ်ဂျုံးစ် ထိခိုက်ဒဏ်ရာရသွားခြင်းကလည်း မန်ယူအတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ် ဖြစ်သွားခဲ့ပြီဖြစ်သည်။

မန်ယူသည် ၁၉၉၂ ခုနှစ်တွင် ရာသီဖွင့်ပွဲစဉ် သုံးပွဲ၌ နှစ်ပွဲရှုံးနိမ့်ခဲ့သော်လည်း ဘောလုံးရာသီပြီးဆုံးချိန်တွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ဘောလုံးရာသီအဖွင့်ပွဲသုံးပွဲ၌ နှစ်ပွဲရှုံးရသည့်အခြေအနေကို ယခုနှစ်သို့ရောက်မှ မန်ယူက တစ်ကျော့ပြန်လည် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော့်ရဲ့ခံစစ်ဟာ လုံးဝကို အထိုင်မကျနိုင်သေးပါဘူး။ အဖွင့်ပွဲနှစ်ပွဲမှာ ဘေလ်လီနဲ့ လင်ဒီလော့ဖ်တို့ကို ကျွန်တော် တွဲဖက်အသုံးပြုခဲ့တယ်။ အခု စပါးနဲ့ပွဲမှာတော့ ဖီးလ်ဂျုံးစ်နဲ့ စမောလင်းအတွဲပေါ့။ ကံဆိုးချင်တော့ ဖီးလ်ဂျုံးစ်က ဒဏ်ရာရသွားပြန်ပါပြီ။ ဒီတော့ နောက်ပွဲမှာ ခံစစ်ကအထိုင်က ပြောင်းရပြန်ပါတော့မယ်။ ရိုဂျိုသာ ကြံ့ခိုင်မှုပြည့်ဝရင် စမောလင်းနဲ့ ရိုဂျိုအတွဲကို မြင်ကြရမှာပါ။ ကျွန်တော့်မှာ တည်ငြိမ်တဲ့ခံစစ်အစုအဖွဲ့ မရှိသေးပါဘူး။ ခံစစ်ကစားသမားခေါ်ယူလိုပေမယ့် ခေါ်ယူခွင့်မရခဲ့တာဟာ အရမ်းပဲ စိတ်ပျက်စရာကောင်းလွန်းပါတယ်”ဟု ပြောကြားသွားခဲ့သည်။