News

POST TYPE

SPORTS

ပရီးမီးယားလိဂ်ရှိ အခြားသောနည်းပြများထက် ချန်ပီယံပိုဖြစ်ဖူးသည်ကို နားလည်သဘောပေါက်ပြီး လေးစားမှုရှိစေလိုသည်ဟု မော်ရင်ညို သတိပေး

မန်ချက်စတာ၊ သြဂုတ် ၂၈

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းမှာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကျင်လည်ဖြတ်သန်းနေသော အခြားနည်းပြ ၁၉ ဦးထက် အမှတ်ပေးချန်ပီယံ ပိုဖြစ်ဖူးသည်ကို သဘောပေါက်နားလည်ကာ သတင်းမီဒီယာများဘက်က လေးစားမှုအပြည့် ထားရှိဆက်ဆံရန် လိုအပ်ကြောင်း သတိပေးပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။

မော်ရင်ညိုသည် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း အကြီးမားဆုံးသော အိမ်ကွင်းရှုံးပွဲကို ကြုံဆုံလိုက်ရပြီး ယင်းပွဲစဉ်အပြီးတွင် သတင်းစာရှင်းလင်းပွဲအခမ်းအနား၌ မော်ရင်ညိုက လက်ချောင်းသုံးချောင်းထောင်ပြကာ မေးခွန်းထုတ်စကားများ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “အခု ကျွန်တော် လက်ချောင်းသုံးချောင်း ထောင်ပြထားတယ်။ အဲ့ဒီအဓိပ္ပါယ်ကို ခင်ဗျားတို့ သေသေချာချာ နားလည်ရဲ့လား။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ သုံးဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တယ်။ အဲ့ဒါကို ပြောတယ် ထင်နေတာလား။ ဒါက ကျွန်တော် ဆွတ်ခူးရရှိဖူးတဲ့ ပရီးမီးယားလိဂ်ဆုဖလား အရေအတွက်ကို ပြောတာဗျ။ အခု ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားနည်းပြ ၁၉ ယောက်ထက် ကျွန်တော်က အမှတ်ပေးချန်ပီယံဆုကို ပိုရဖူးတယ်။ ကျုပ်က သုံးကြိမ်၊ သူတို့အထဲမှာ အမြင့်ဆုံးရဖူးသူက နှစ်ကြိမ်ပဲ။ ဒီတော့ ကျွန်တော့်ကို လေးစားမှု ရှိကြစမ်းပါ။ လေးစားမှု ထားကြစမ်းပါ။ လေးစားမှု ပေးကြစမ်းပါ”ဟု အသိပေးသွားခဲ့သည်။