News

POST TYPE

SPORTS

ပွဲမပြီးမီ ပြန်သွားသော ပရိသတ်များ၏ခံစားချက်ကို နားလည်သည်ဟု မော်ရင်ညို ပြောကြား၊ ပွဲပြီးချိန်ထိတိုင် ရှိပေးခဲ့သော ပရိသတ်များကို ဂုဏ်ပြု
28-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၈

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲမပြီးဆုံးမီ ကွင်းပြင်သို့ထွက်ခွာသွားခဲ့သော ပရိသတ်များ၏ခံစားချက်ကို စာနာနားလည်ပေးနိုင်သည်ဟု ပြောကြားသွားခဲ့ပြီး ပွဲပြီးဆုံးချိန်တိုင်သည်အထိ ကွင်းအတွင်း၌ရှိနေပေးခဲ့သော ပရိသတ်များကိုမူ မော်ရင်ညိုက လက်ခုပ်တီး၍ လိုက်လံနှုတ်ဆက်ကာ ဂုဏ်ပြုသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ပွဲအပြီးတွင် အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၏စထရက်ဖို့ဒ်အန်း ပွဲကြည့်စင်ရှေ့တွင် မိနစ်အတန်ကြာ မတ်တပ်ရပ်၍ အသင်းအားပေးသူပရိသတ်များကို လက်ခုပ်တီးနှုတ်ဆက်ခဲ့ပြီး မန်ယူအသင်းလည်စည်းပုဝါကို ဝှေ့ယမ်း၍လည်း ပရိသတ်များနှင့် စိတ်ခံစားချက် တစ်သားတည်းရှိနေကြောင်းကို မော်ရင်ညိုက ထုတ်ဖော်ပြသသွားခဲ့သည်။

စပါးပရိသတ်များသည် မော်ရင်ညိုကို “မနက်ရောက်ရင် မင်းတော့ ရာထူးအထုတ်ခံရပြီ”ဟု အော်ဟစ်လှောင်ပြောင်ခဲ့ပြီး မန်ယူနှင့် စပါးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အားကစားရေးရာကံစမ်းကုမ္ပဏီများက ခရစ္စမတ်ကာလမတိုင်မီ မော်ရင်ညို ရာထူးထုတ်ပယ်ခံရနိုင်သည့် အလေးပေးချက်ကို ၄ လေး ၇ လေးသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကိုယ်အားပေးတဲ့အသင်းက သုံးဂိုးပြတ်နဲ့ ရှုံးနေပြီဆိုရင် ကျွန်တော်လည်း ကွင်းပြင်ထွက်ဖို့ကိုပဲ ဦးတည်လိုက်မှာပါ။ အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းကနေပြီး မန်ချက်စတာမြို့လယ်ဆီကို ပြန်ရတာဟာ အချိန်နှစ်နာရီလောက် ကြာပါတယ်။ မနှစ်ကဘောလုံးရာသီတုန်းက ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းပရိသတ်တွေက ကျွန်တော်တို့ကို လှောင်ပြောင်ခဲ့ကြပါတယ်။ လှောင်ပြောင်ခံရလောက်တဲ့အထိ ကျွန်တော်တို့ ကစားပုံက စိတ်ပျက်စရာကောင်းခဲ့တာပါ။ ဒီနေ့မှာတော့ အသင်းသားတွေ ကွင်းပြင်ထွက်ခွာနေချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုဟာ ဒီလိုဂုဏ်ပြုဖို့ ထိုက်တန်တယ်ဆိုတာ သူတို့ သိနေပြီးသားပါ။ ဒါကြောင့် အသင်းသားတွေအနေနဲ့ ဆက်ကြိုးစားကြပါ။ မလျှော့တမ်း ဆက်ကြိုးစားကြပါ။ ပွဲအပြီးထိ ဘောလုံးကွင်းထဲမှာနေပြီး အသင်းသားတွေကို အားပေးသွားခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်။ ဒါကြောင့်လည်း သူတို့ရှိရာနေရာဆီသွားပြီး ကျွန်တော် ဂုဏ်ပြုခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။