News

POST TYPE

SPORTS

သတင်းမီဒီယာများမှာ တစ်မျိုးမဟုတ်တစ်မျိုးဖြင့် လှည့်ပတ်အပြစ်ရှာနေကြောင်း မော်ရင်ညို စွပ်စွဲပြစ်တင်
28-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၈

မန်ယူနည်းပြ မော်ရင်ညိုသည် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနား၌ သတင်းမီဒီယာများကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သွားခဲ့ပြီး သတင်းမီဒီယာများမှာ တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ၎င်းကို လှည့်ပတ်အပြစ်ရှာနေသည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် သတင်းမီဒီယာများက အသင်း၏ရလဒ်ပိုင်းဆိုင်ရာအတွက် ဖိအားများဖွယ်ရာမေခွန်းများကို မေးမြန်းလာချိန်တွင် ယင်းသို့တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး အတိတ်ကာလက နိုင်ပွဲများ ဆက်တိုက်ရယူပြနိုင်ခဲ့ချိန်တွင်လည်း ၎င်းကို မည်သို့မည်ပုံ အပြစ်ရှာရမည်ဆိုသည်ကိုသာ မီဒီယာများက တွေးတောကြံစည်နေခဲ့သည်ဟု မော်ရင်ညိုက ဒေါသတကြီး အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဘာက အရေးအကြီးဆုံးအရာလဲဆိုတာ ခင်ဗျားတို့ပဲ ကျွန်တော့်ကို ပြောပြကြပါတယ်။ ကျွန်တော်ဟာ အနိုင်ရလဒ်ကို ရယူပြီး ခင်ဗျားတို့ရှေ့ကို အကြိမ်ပေါင်းများစွာ လာရောက်ဖူးပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ မပျော်နိုင်ကြပါဘူး။ အဲ့ဒီအချိန်မျိုးမှာ အသင်းကစားပုံက ဘယ်လောက်အရေးကြီးတယ်ဆိုတာမျိုးကို ခင်ဗျားတို့ အာဘောင်အာရင်းသန်သန်နဲ့ ပြောကြတော့တာပဲ။ အဲ့တော့ ဘယ်အရာက အရေးကြီးသလဲဆိုတာ တိတိကျကျ ကျုပ်ကို ပြောပြကြစမ်းပါ။ ပွဲအနိုင်ရဖို့လား ဒါမှမဟုတ် ကစားပုံကောင်းဖို့လားဆိုတာပေါ့။ စပါးထက် သာလွန်တဲ့ပုံစံကောင်းတစ်ရပ်နဲ့ ကျွန်တော်တို့ ကစားနိုင်ခဲ့တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဖိအားတွေ ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂိုးမရခဲ့လို့ အဆုံးသတ်မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။ စပါးက အခွင့်အရေးတစ်ကြိမ်ရတာနဲ့ ဒါကို ဂိုးအဖြစ် ပြောင်းလဲသွားခဲ့တာကတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။