News

POST TYPE

SPORTS

ကိုယ့်ကားကို ကိုယ့်စိတ်ကြိုက်မောင်းမည်ဟု ဘင်နီတက်ဇ် တုံ့ပြန်
27-Aug-2018


လန်ဒန်၊ သြဂုတ် ၂၇

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်သည် ချယ်လ်ဆီးက နယူးကာဆယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်း၏နည်းဗျူဟာပိုင်းဆိုင်ရာကို ပြစ်တင်ဝေဖန်ခဲ့ခြင်းများအတွက် ကိုယ့်ကားကို ကိုယ့်စိတ်ကြိုက်မောင်းမည်ဟု ပြောကြား၍ တုံ့ပြန်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘင်နီတက်ဇ်သည် နယူးကာဆယ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲစဉ်တွင် အသင်းခေါင်းဆောင် လတ်စ်ဆယ်လ်လက်စ်ကို အသင်းလူစာရင်းမှနေ၍ဖယ်ထုတ်ကာ ၅-၄-၁ ကစားကွက်ဖြင့် အသင်းကို ပုံဖော်ခဲ့ပြီး ချယ်လ်ဆီးနည်းပြ ဆာရီက နယူးကာဆယ်မှာ အိမ်ရှင်အခွင့်အရေးကို ပိုင်ဆိုင်ထားသည့်တိုင် ခံစစ်တွင် ဘတ်စ်ကားထိုး၍ အချိန်ကုန်သွားခဲ့ကြောင်း ဝေဖန်သွားခဲ့သည်။

ဘင်နီတက်ဇ်သည် ချယ်လ်ဆီးနှင့်ပွဲစဉ်တွင် နယူးကာဆယ်ကို ခံစစ်နှစ်ထပ်ပုံစံဖြင့် အထိုင်ချခဲ့ခြင်းဖြစ်ပြီး ခံစစ်ကစားသမား ငါးဦး၏ရှေ့တွင်ရှိနေသော ကွင်းလယ်ကစားသမားများအနက်မှနေ၍ သုံးဦးမှာ ပွဲအစအဆုံးနီးပါး ခံစစ်ကို အဓိကထား အားဖြည့်ကူညီပေးခြင်းဖြင့်သာ အချိန်ကုန်သွားခဲ့ရသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဘင်နီတက်ဇ်က “ကျွန်တော့်အသင်းကို ကျွန်တော်သဘောကျတဲ့ ကစားကွက်နဲ့ အထိုင်ချမှာပါပဲ။ ဒါကို ဘယ်သူက ဘာပြောပြော ကျွန်တော် ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကိုယ့်ကားကို ကိုယ့်စိတ်ကြိုက် ကျွန်တော် မောင်းခွင့်ရှိပါတယ်။ အသင်းနှစ်သင်းအကြားမှာ ကစားသမားအင်အားချင်းက အရမ်းကွာလွန်းနေတော့ အမှတ်ရနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နိုင်ခြေနည်းလမ်းကိုသာ ကျွန်တော် စဉ်းစားရမှာပါ။ ကျွန်တော့်ရဲ့နည်းဗျူဟာဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ကံကောင်းလွန်းလို့သာ အနိုင်ဂိုးရရှိသွားခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။