News

POST TYPE

SPORTS

သဘောထားတင်းမာသည့် ခွဲထွက်ရေးဝါဒီကို ကက်တလိုးနီးယားဒေသခေါင်းဆောင်ခန့်
16-May-2018


ဘာစီလိုနာ၊ မေ ၁၅

နိုင်ငံရေးမျက်နှာသစ်တစ်ဦးဖြစ်သော်လည်း ကက်တလိုးနီးယားဒေသ လွတ်လပ်ရေးအတွက် တက်ကြွစွာလှုပ်ရှားခဲ့သူတစ်ဦးဖြစ်သော ကွင်မ်တိုရာကို ကက်တလိုးနီးယားဒေသ သမ္မတအဖြစ် မေလ ၁၄ ရက်နေ့တွင် ခန့်အပ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ဒေသလွှတ်တော်က တိုရာကို ရွေးကောက်တင်မြှောက်လိုက်အပြီးတွင် ဒေသအစိုးရသစ်ဖွဲ့ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။

စပိန်အစိုးရ၏ ဝရမ်းထုတ်ခံရပြီး ပြည်ပသို့ တိမ်းရှောင်နေရသောခေါင်း ဆောင်ဟောင်းကားလက်စ်ပုဂျ်ဒါမွန့်က ရွေးချယ်ပေးသောတိုရာကို ဒေသသမ္မတအဖြစ် ခန့်အပ်နိုင်ရေးဒေသလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ခွဲရေးလိုလားသည့် အမတ် ၆၆ ဦးက ထောက်ခံခဲ့ပြီးတွဲရေးလိုလားသည့် အမတ် ၆၅ ဦးက ကန့်ကွက်ကာလေးဦးက မဲမပေးဘဲ နေခဲ့သည်။

“ကျုပ်တို့ ကက်တလန်သမ္မတနိုင်ငံ တည်ဆောက်ကြမယ်”ဟု မဲခွဲအပြီးတွင် တိုရာကပြောကြားခဲ့ပြီး လွှတ်တော်အမတ်များက ကက်တလိုးနီးယားဒေသသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ကက်တလိုးနီးယားတွင် ခွဲရေးသမားများနှင့် တွဲရေးသမားများအကြားနက်နက် ရှိုင်းရှိုင်းသဘောကွဲလွဲနေပြီး ရွေးကောက်ပွဲများတွင် ခွဲရေးဘက်ကအသာရနေသော်လည်း တွဲရေးကို လိုလားသူများလည်း ရာခိုင်နှုန်းအများအပြားရှိနေသည်။

စပိန်တရားရုံးချုပ်က တရားမဝင်ဟု ဆုံးဖြတ်ထားသော်လည်း ခွဲရေးဘက်က နိုင်သွားခဲ့သည့် ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁ ရက်နေ့ လူထုဆန္ဒခံယူပွဲရလဒ်အတိုင်း လိုက်နာသွားမည်ဟုတိုရာက ပြောကြားခဲ့သည်။

ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၅ ဒသမ ၅ သန်းရှိရာ၌ ၂ ဒသမ ၂ သန်းသာ မဲလာပေးခဲ့ကြပြီး ခွဲရေးက ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့်အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ခွဲထွက်ရမည်ဟု ခွဲရေးအုပ်စုကတောင်းဆိုသလို တွဲရေးသမားများကလည်း မဲလာမပေးခဲ့ကြောင်း ထောက်ပြခဲ့သည်။

စပိန်ဗဟိုအစိုးရ ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်းက နားလည်မှုနှင့် သဟဇာတ ဖြစ်မှုတည်ဆောက်ရန် တောင်းဆိုခဲ့သော်လည်း ဥပဒေနှင့် အခြေခံဥပဒေချိုးဖောက်မှုမျိုးရှိလာပါက သည်းညည်းခံမည်မဟုတ်ဟု သတိပေးထားသည်။

ခွဲရေးသမားလွှတ်တော်အမတ်များက ကက်တလိုးနီးယားဒေသ လွတ်လပ်ပြီဟု ကြေညာခဲ့ပြီးနောက် ဗဟိုအစိုးရက ဒေသအစိုးရနှင့် ဒေသလွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး တိုက်ရိုက်အုပ်ချုပ်မှုစတင်ခဲ့သည်။ 

ယင်းနောက် ရွေးကောက်ပွဲသစ် ပြန်ကျင်းပပေးခဲ့ပြီး ဒေသအစိုးရသစ် ပြန်ဖွဲ့ပြီးပါက အာဏာပြန်လွှဲပေးရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ခွဲရေးအုပ်စုကပင် ထပ်နိုင်ပြီး လွတ်လပ်ရေးလှုပ်ရှားသူတစ်ဦး ဒေသသမ္မတဖြစ်လာခဲ့ရာ အခြေအနေများ ရှုပ်ထွေးလာဦးမည်ဖြစ်သည်။

F-03