News

POST TYPE

SPORTS

ကတ်တလန် ခွဲထွက်ရေးခေါင်းဆောင် ဂျာမနီ၌ ထိန်းသိမ်းခံရ
28-Mar-2018



ဘာလင်၊ မတ် ၂၇


ပြီးခဲ့သည့်နှစ်အတွင်း စပိန်နိုင်ငံအတွင်းမှ ကက်တလိုးနီးယားပြည်နယ် ခွဲထွက်ရေး ဦးဆောင်စီစဉ်ခဲ့သည့် ခွဲထွက်ရေးခေါင်းဆောင် ကာလတ်ပူဒီမောင့်ကို ဂျာမနီနိုင်ငံ၌ ထိန်းသိမ်းလိုက်သဖြင့် ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


စပိန်အစိုးရ၏ တောင်းဆိုချက်အတိုင်း ပူဒီမောင့်ကို ထိန်းသိမ်းရန် ဖင်လန်နိုင်ငံက လုပ်ဆောင်လာခြင်းကြောင့် အဆိုပါနိုင်ငံမှနေ၍ ဂျာမနီနိုင်ငံသို့ ခွဲထွက်ရေးခေါင်းဆောင် ရောက်ရှိလာခြင်းဖြစ်သည်။


လက်ရှိတွင် ဂျာမနီနိုင်ငံ၌ ပူဒီမောင့် ထိန်းသိမ်းခံလိုက်ရခြင်းကြောင့် စပိန် ကတ်တလန်အကျပ်အတည်းသည် ပိုမိုဆိုးရွားသွားနိုင်ခြေရှိနေပြီး သောင်းနှင့်ချီသည့် ကတ်တလန်နယ်သားများသည် အဝါရောင် အင်္ကျီများဝတ်ဆင်ကာ ဘာစီလိုနာမြို့တွင် ဆန္ဒပြလျက်ရှိသည်။


“ပူဒီမောင့်ဟာ ငါတို့ရဲ့သမ္မတ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေး”ဟုလည်း ဆန္ဒပြသမားများက ဟစ်ကြွေးလျက်ရှိသည်။


ထို့ပြင် ပြည်သူ့အခွင့်အရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တို့အတွက် ကျယ်ပြန့်သည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရမည်ဟုလည်း ကတ်တလန်ပါလီမန် ဥက္ကဋ္ဌ ရိုဂျာတော်ရန်က တောင်းဆိုလျက်ရှိသည်။


“ဘယ်တရားသူကြီး၊ ဘယ်အစိုးရ၊ ဘယ်ဝန်ထမ်းကမှ ကတ်တလန်သားတွေရဲ့သမ္မတကို ဖမ်းဆီးပိုင်ခွင့်၊ တရားဆွဲဆိုပိုင်ခွင့် မရှိပါဘူး”ဟု ၎င်းက မှတ်ချက်ပြုထားသည်။


သို့သော်လည်း ပုန်ကန်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ နိုင်ငံတော်အမိန့် မလိုက်နာမှုတို့အတွက် ကတ်တလန်ခေါင်းဆောင် ၂၅ ဦးကို တရားစွဲဆိုရန် စပိန်တရားရုံးချုပ်က ပြီးခဲ့သည့် သောကြာနေ့တွင် အမိန့်ချမှတ်ထားပြီး ပြီးခဲ့သည့်နှစ်မှစ၍ ပြည်ပတွင်နေထိုင်နေသည့် ပူဒီမောင့်နှင့် အခြားသော နိုင်ငံရေးသမားလေးဦးကို ထိန်းသိမ်းပေးရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုထားသည်။


ယင်းကဲ့သို့ထိန်းသိမ်းပေးရန် ဝရမ်းထုတ်ခံရသည့် ခေါင်းဆောင်များတွင် ပါဝင်သူတစ်ဦးသည် ကတ်တလန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ လက်ရှိတွင် စကော့တလန်၌ နေထိုင်လျက်ရှိသည့် ကလာရာ ပွန်ဆာတီလည်း ပါဝင်သည်။


အခြားသော ကတ်တလန်ခေါင်းဆောင်သုံးဦးသည် ဘယ်လ်ဂျီယံနိုင်ငံအတွင်း ပြည်ပြေးများအဖြစ် ခိုလှုံနေထိုင်လျက်ရှိသည်။


F-05