News

POST TYPE

SPORTS

ကတ်တလန် ခွဲထွက်ရေးသမားများ ဘာစီလိုနာတွင် ချီတက်ဆန္ဒပြ
13-Mar-2018


ဘာစီလိုနာ၊ မတ် ၁၂ 

ကတ်တလန်ပြည်သူ ထောင်ပေါင်းများစွာသည် တနင်္ဂနွေနေ့က ဘာစီလိုနာမြို့လမ်းများပေါ်သို့ ထွက်လာကာ စပိန်မှ ခွဲထွက်ရေးလုပ်ဆောင်မည့် အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သို့ရာတွင် နိုင်ငံရေးခေါင်းဆောင်များမှာ ထောင်ကျသူကျ၊ ပြည်ပရောက်သူရောက် ဖြစ်နေသောကြောင့် အစိုးရဖွဲ့စည်းရေးမှာ ခက်ခဲနေသည်။

ချီတက်ပွဲကို လွတ်လပ်ရေးလိုလားသည့် ကတ်တလန် အမျိုးသားအစည်းအရုံးက ဦးဆောင်စီစဉ်ခဲ့သည်။ ဆန္ဒပြသူများက ကတ်တလန်အလံများကို ဝှေ့ယမ်းကာ ကတ်တလန် ရီပတ်ဘလစ်နိုင်ငံ ထူထောင်ရေးကို ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

“ဒီနေ့ကတော့ အောက်တိုဘာလတုန်းက မဲပေးခဲ့ကြတဲ့ ကတ်တလန် ရီပတ်ပလစ် ထူထောင်ရေးကို ဆက်လက်လှုပ်ရှားကြဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ”ဟု ချီတက်ပွဲစီစဉ်သူ အော်ဂတ်စတီ အယ်လ်ကိုဘာရိုက ပြောကြားသည်။

ဒီဇင်ဘာလက ဒေသန္တရရွေးကောက်ပွဲတွင် ခွဲထွက်ရေးပါတီများက မဲအနည်းငယ် အသာစီးရခဲ့ကြသည်။ သို့ရာတွင် ကတ်တလန်ပါတီများသည် ညှိနှိုင်းမှုများကြာရှည်ကာ ယခုအချိန်အထိ အစိုးရဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။ ထိုသို့ အစိုးရဖွဲ့စည်းရေး ပိုမိုခက်ခဲနေရခြင်းမှာ အောက်တိုဘာလက အခြေခံဥပဒေက တားမြစ်ထားသော လွတ်လပ်ရေး ခွဲထွက်ကြေညာမှုအပြီးတွင် စပိန်အစိုးရက နှိမ်နင်းဖြိုခွဲမှုများ ပြုလုပ်ခဲ့သဖြင့် ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်များ ထောင်ကျသူကျ၊ ပြည်ပသို့ ပြေးသူပြေး ဖြစ်နေကြသောကြောင့်ဖြစ်သည်။

ကတ်တလန်အစိုးရ ခေါင်းဆောင်ဟောင်း ချားလ်စ်ပီဒီမောင့်သည် ဘရပ်ဆယ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းကိုဆက်ခံမည့် ခွဲထွက်ရေးခေါင်းဆောင် ဂျော်ဒီဆန်ချက်ဇ်မှာလည်း ရုံးတင်တရားစွဲဆိုခံရကာ ထောင်ဒဏ်ကျခံနေရသည်။

ဆန်ချက်စ်သည် ကတ်တလန်အစိုးရ ခေါင်းဆောင်ရာထူးကို ရယူရန်မဖြစ်နိုင်ဟု တရားရုံးက စီရင်ချက်ချမှတ်ထားသည်။

အခြားခေါင်းဆောင်တစ်ဦးဖြစ်သူ ပညာရေးဝန်ကြီးဟောင်း ကာလာပွန် စတာနီသည်လည်း ဘယ်လဂျီယံမှ စကော့ တလန်သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ပီဒီမောင့် အပါအဝင် ကတ်တလန်အစိုးရ အဖွဲ့ဝင်ဟောင်းများနှင့်အတူ ဘရပ်ဆယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ပွန်စတာနီသည် စပိန်သို့ ပြန်လာပါက ဖမ်းဆီးခံရမည်ဖြစ်သည်။

စပိန်မှခွဲထွက်မည့် ကိစ္စနှင့်ပတ်သက်၍ ကတ်တလန်ပြည်သူများ၏ သဘောထားမှာ ညီတူမျှတူကွဲလွဲနေကြောင်း သဘောထားစစ်တမ်းများက ပြသနေကြသည်။ 

F-04


  • VIA