News

POST TYPE

SPORTS

မြန်မာယူ-၁၉ အသင်း နည်းပြ ဦးမျိုးလှိုင်ဝင်းနှင့် တွေ့ဆုံခြင်း
09-Sep-2016
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို မြန်မာယူ-၁၉ အသင်းသည် စက်တင်ဘာလ ၁၂ ရက်နေ့ကစ၍ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် အဆိုပါပြိုင်ပွဲ အကြိုပြင်ဆင်သည့် အနေနှင့် မန္တလေးမြို့၌ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကစားခဲ့သော်လည်း ရလဒ်ကောင်း မရှိခဲ့ဘဲ စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယင်းကြောင့် အာဆီယံယူ-၁၉ ပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုကို နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

Voice ။  ။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ သွားရတော့မှာဆိုတော့ ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလား။ 

UMLW ။  ။ ကျွန်တော်တို့ လေးနိုင်ငံ ခြေစမ်းပွဲလေးပွဲ ကစားခဲ့ရတယ်။ တစ်ပွဲထက်တစ်ပွဲ ခြေစမ်းပိုင်းက ပိုပြီးတော့ တိုးတက်လာခဲ့တယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း အားရစရာကောင်းတယ်။ စိတ်ဓာတ်ပိုင်းမှာလည်း အကောင်းဆုံး အနေအထား ရှိပါတယ်။ ဒါ့ကြောင့် အဆင်သင့်ဖြစ်ပြီလို့ ပြောနိုင်ပါတယ်။ 

Voice ။  ။ ကစားသမားတွေမှာ ပြည်ပအတွေ့အကြုံ မရှိတာကို စိုးရိမ်တယ်လို့ ပြောခဲ့ဖူးတယ်နော်။ 

UMLW ။  ။ ဟုတ်ပါတယ်။ လေးနိုင်ငံပြိုင်ပွဲက ကိုယ့်မြေပေါ်မှာ ကစားရတာပါ။ သူတို့မှာ ပြည်ပထွက်ကစားတဲ့ အတွေ့အကြုံ မရှိသေးပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲပြီးကတည်းက ဘာခြေစမ်းပွဲမှ မကစားခဲ့ရတာပါ။ 

Voice ။  ။ အဲဒီအချက်က အသင်းအပေါ် ဘယ်လောက်အထိ ထိခိုက်စေနိုင်သလဲ။ 

UMLW ။  ။ ဒါကတော့ ပြိုင်ပွဲရောက်မှပဲ သိနိုင်လိမ့်မယ်။ ပြည်ပအတွေ့အကြုံ မရှိတာကို စိုးရိမ်ရပေမယ့် သူတို့က လူငယ်ကစားသမားတွေ ဖြစ်တယ်။ ဒါ့ကြောင့် သူတို့ဆီကနေ အများကြီး မျှော်လင့်မထားစေချင်ဘူး။ 

Voice ။  ။ အသင်းမှာ အဓိက အားအနည်းဆုံးအချက်က ဘာများဖြစ်မလဲ။ အုပ်စုတွင်း အနေအထားကရော။

UMLW ။  ။ ရှေ့မှာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အသင်းရဲ့ အားနည်းချက်က ပြည်ပအတွေ့အကြုံပါ။ ကျွန်တော်တို့ အုပ်စုမှာ အသင်းကြီးတွေပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့လိဂ်က နိမ့်နေသေးတယ်။ ဒါ့ကြောင့် ကစားသမားပိုင်းမှာလည်း နောက်ကလိုက်နေရတယ်။ ဒါပေမဲ့ လူငယ်အသင်းတွေဖြစ်လို့ အခွင့်အရေးက ဆတူရှိပါတယ်။ 

Voice ။  ။ အုပ်စုတွင်းမှာ ထိုင်း၊ သြစတြေးလျတို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ ဆီမီးဖိုင်နယ်ကို ရောက်နိုင်ပါ့မလား။ 

UMLW ။  ။ ကျွန်တော်တို့အသင်း အပါအဝင် အသင်းအားလုံးက ဆီမီးဖိုင်နယ်ရောက်ဖို့ ကစားတာ မဟုတ်ပါဘူး။ အသင်းတိုင်းက ချန်ပီယံဖြစ်ဖို့အတွက် ကစားတာပါ။ ကျွန်တော်တို့လည်း ချန်ပီယံဖြစ်ဖို့ပဲ ပြင်ဆင်ပါတယ်။ ဒီလိုမှ ရည်မှန်းမထားဘူး ဆိုရင်တော့ သွားမပြိုင်ဖို့ဘဲ ရှိတယ်။ အရေးကြီးတာက ပထမဆုံးပွဲဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ အနိုင်ကစားဖို့ပါ။ အင်ဒိုနီးရှားနဲ့ပွဲမှာ သုံးမှတ်ရခဲ့ရင် နောက်ပွဲတွေအတွက်နဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားမယ်။ 

Voice ။  ။ အခု ယူ- ၁၉ အသင်းက ကစားသမားတွေက ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ ယူ-၁၉ ကစားသမားဟောင်းတွေနဲ့ယှဉ်ရင် ခြေစွမ်းကျလာတယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။ 

UMLW ။  ။ အောင်သူတို့ သန်းပိုင်တို့ ကျော်မင်းဦးတို့တုန်းက အသင်းနဲ့ ကျွန်တော့်အသင်းနဲ့ အများကြီးကွာပါတယ်။ သူတို့က လိဂ်ပြိုင်ပွဲမှာ ပြည်ပနည်းပြနဲ့အတူ နှစ်နှစ်လောက်တွဲပြီး လေ့ကျင့်ခဲ့ရတယ်။ လိဂ်တွေမှာ ကစားခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိတယ်။ ဒါ့ကြောင့် အောင်သူတို့ သန်းပိုင်တို့တုန်းက အသင်းနဲ့ ယှဉ်လိုက်ရင် အရမ်းကြီး ကွာနေသေးတယ်။ အခြေခံပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေသေးလို့ အများကြီး ပြင်ဆင်ပေးရဦးမယ်။ 

Voice ။  ။ ဒီအသင်းကို ဖွဲ့စည်းတဲ့နေရမှာ ခက်ခဲမှုတွေက။ 

UMLW ။  ။ ကိုယ်လိုချင်တဲ့ ကစားသမားတွေက အသက် ၂၀ ဖြစ်နေတာပဲ။ ကျွန်တော်တို့ဆီက လူငယ်လိဂ်က ယူ-၂၀ ဖြစ်နေတော့ ကိုယ်ကြိုက်တဲ့ ကစားသမားတွေက သတ်မှတ်ချက်ထက် ကျော်နေတော့ ခေါ်လို့မရခဲ့ဘူး။ ဒါ့ကြောင့် ရှိတဲ့သူနဲ့ ဖွဲ့စည်းခဲ့ရတယ်။  

Voice ။  ။ ဒီပွဲကနေ ပြန်လာရင်ရော အသင်းကို ဆက်ပြီး ဖွဲ့စည်းထားမှာလား။

UMLW ။  ။ ဒါကတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ တစ်နှစ်စာချုပ် ချုပ်ထားတာဖြစ်လို့ ဒီအသင်းမှာ ဆက်ရှိနေဦးမှာပါ။

ညီညီမိုဃ်းအောင်