News

POST TYPE

SPORTS

သုဝဏ္ဏကွင်း၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်းနှင့် ပိုလန် လက်ဝှေ့သမားတို့ ထိုးသတ်မည်
04-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၃

စင်ကာပူ အခြေစိုက် One Championship နှင့် မြန်မာနိုင်ငံမှ ဇေကော်ပိုရေးရှင်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် ရန်ကုန်မြို့၌ အောက်တိုဘာလအတွင်း ကျင်းပမည့် ကိုယ်ခံပညာ ပေါင်းစုံသုံး တိုက်ခိုက်ရေး MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်းသည် ပိုလန် လက်ဝှေ့သမားနှင့် ထိုးသတ်ရမည် ဖြစ်ကြောင်း One Championship က ထုတ်ပြန်လိုက်သည်။ 

State Of Warriors ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ အောက်တိုဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အဓိက တွဲဆိုင်းအဖြစ် စထေရောဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ ဂျပန်ကစားသမား ယိုရှီတာကာနာတိုက စိန်ခေါ်သူ ဖိလစ်ပိုင် နိုင်ငံသား ဂျိုရုအာ ပါစီယိုနှင့် ထိုးသတ်ရမည် ဖြစ်သည်။ 

“ကျွန်တော် ဒီပွဲအတွက် သတင်းစာ ရှင်းလင်းပွဲတက်ဖို့ မြန်မာနိုင်ငံကို လာမယ့် တနင်္ဂနွေညမှာ ရောက်မှာပါ။ အောက်တိုဘာ ၇ ရက်နေ့မှာ ထိုးမယ့်ပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေနဲ့ ကျွန်တော့်အတွက် ဆုတောင်းပေး၊ ဂရုစိုက် ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာလည်း ကျွန်တော့်မှာ ရှိတဲ့ ခွန်အား အကုန် အသုံးပြုပြီး အနိုင်ရအောင် ထိုးသတ်သွား မယ်လို့ ကတိပေးပါတယ်”ဟု အောင်လ အန်ဆန်းက ပြောကြားသည်။ 

အောင်လအန်ဆန်းသည် ယင်းပွဲတွင် အသက် ၃၂ နှစ်အရွယ်ရှိပြီး အရပ် ၆ ပေ ၃ လက်မ ရှိသည့် ပိုလန်နိုင်ငံသား  မိုက်ကယ် ပက်စတာနာ့ခ်နှင့် ထိုးသတ်ရမည်ဖြစ်သည်။

အဆိုပြိုင်ပွဲတွင် နိုင်ငံတကာ တွဲဆိုင်းများ အပါအဝင် ပြည်တွင်းမှ ကစားသမားများ အချင်းချင်း ထိုးသတ်ရမည့် တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်၍ တွဲဆိုင်း ကိုးခုမှ ၁၁ ခုအထိ ကျင်းပမည်ဖြစ်သည်။ 

အောင်လအန်ဆိုင်း အနေနှင့် တရုတ်နိုင်ငံ၌ ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် ရုရှား ကစားသမားကို အနိုင်ရခဲ့ပြီး မြန်မာနိုင်ငံ၌ မတ်လအတွင်းက ကျင်းပခဲ့သည့် ပြိုင်ပွဲတွင်လည်း အီဂျစ် ကစားသမား မိုဟာမက် အလီကို အနိုင်ရခဲ့သူ ဖြစ်သည်။


  • VIA