News

POST TYPE

SPORTS

နေမာ၏တစ်နှစ်လုပ်ခလစာမှာ အမျိုးသမီးထိပ်တန်းလိဂ်ခုနစ်ခု၏စုစုပေါင်းလစာထက် ပိုများ
26-Nov-2017


ပဲရစ်၊ နိုဝင်ဘာ ၂၆

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၏တစ်နှစ်လုပ်ခလစာရရှိမှုသည် ကမ္ဘာ့ထိပ်တန်း အမျိုးသမီးလိဂ်ပြိုင်ပွဲခုနစ်ခု၏စုစုပေါင်းလုပ်ခလစာထက် ပိုများကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြလိုက်ပြီး လက်ရှိတွင် နေမာမှာ ပီအက်စ်ဂျီထံ၌ တစ်နှစ်လုပ်ခအဖြစ် ပေါင် ၃၂ ဒသမ ၉ သန်း အကျိုးခံစားခွင့်ရရှိနေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နေမာ၏စာချုပ်ပါ တစ်နှစ်လုပ်ခလစာ(အပိုဆုကြေး ပါဝင်ခြင်းမရှိ)သည် ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ ဆွီဒင်၊ သြစတြေးလျနှင့် မက္ကဆီကိုနိုင်ငံများရှိ အမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် ကစားသမားဘ၀ ကျင်လည်ဖြတ်သန်းနေသော အမျိုးသမီးဘောလုံးကစားသမား ၁၆၉၃ ဦး၏စုစုပေါင်းလုပ်ခလစာထက် ပိုများနေခြင်းဖြစ်ပြီး ယင်းထိပ်တန်းအမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲခုနစ်ခု၏တစ်နှစ်လုပ်ခလစာပေးချေရမှုစုစုပေါင်းမှာ ပေါင် ၃၂ ဒသမ ၈ သန်းသာ ရှိသည်။

အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲများသည် ပရိသတ်ကို ဆွဲဆောင်နိုင်မှုနှင့် ဈေးကွက်အရအောင်မြင်မှုတို့တွင် အမျိုးသားဘောလုံးလိဂ်ပြိုင်ပွဲများကို အမီလိုက်နိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး ယင်းအချက်ကြောင့်ပင်လျှင် အမျိုးသမီးဘောလုံးကစားသမားများ၏လုပ်ခလစာရရှိမှုမှာ အမျိုးသားဘောလုံးကစားသမားများနှင့် အဆမတန် ကွာဟလွန်းနေခြင်းဖြစ်သည်ဟု စစ်တမ်းကောက်ယူရေးအဖွဲ့က မှတ်ချက်ပေးထားသည်။

အမျိုးသမီးဘောလုံးကလပ်အသင်းများအနက် လုပ်ခလစာပေးချေမှုအမြင့်မားဆုံးမှာ ပြင်သစ်လီဂူးကလပ် လိုင်ယွန်ဖြစ်ပြီး လိုင်ယွန်၏ကစားသမားတစ်ဦးချင်းအလိုက် တစ်နှစ်ပျမ်းမျှလုပ်ခလစာပေးချေမှုမှာ ပေါင် ၁၄၅,၀၀၀ ဖြစ်ကြောင်း ယင်းစစ်တမ်းက ဖော်ပြထားသည်။

အမျိုးသမီးအားကစားအဖွဲ့အစည်းများအနက်တွင် လုပ်ခလစာအကျိုးခံစားခွင့်အများဆုံးရရှိနေသူများမှာ အမေရိကန် WNBA ဘတ်စကက်ဘောပြိုင်ပွဲတွင် ကစားသမားဘ၀ဖြတ်သန်းနေသူများဖြစ်ပြီး ၎င်းတို့၏တစ်နှစ်ပျမ်းမျှ လုပ်ခလစာရရှိမှုမှာ ပေါင် ၅၇၀,၀၀၀ ဖြစ်သည်။