News

POST TYPE

SPORTS

ကာရစ်ကို နည်းပြအဖွဲ့ဝင်အဖြစ် ရာထူးတစ်နေရာ ကမ်းလှမ်းထားကြောင်း မော်ရင်ညို အသိပေး
26-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၂၆

မန်ယူနည်းပြ မော်ရင်ညိုသည် ဝါရင့်ကွင်းလယ်ကစားသမား ကာရစ်ကို ကစားသမားဘဝက အနားယူပြီးပါက အသင်းနည်းပြအဖွဲ့တွင် နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ရာထူးတစ်နေရာစာ ကမ်းလှမ်းထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကလည်း မော်ရင်ညိုနည်းတူ ကာရစ်ကို အသင်းအနာဂတ်တွင် အရေးပါသောအခန်းကဏ္ဍတစ်ရပ်မှနေ၍ ဆက်လက်ရှိသွားစေမည်ဖြစ်ကြောင်း အတည်ပြုချက် ပေးအပ်ထားပြီး ကာရစ်နှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသည့်စာချုပ်မှာ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ကာရစ်သည် ကျန်းမာရေးအခြေအနေအရ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် မန်ယူနှင့်စာချုပ်သစ်ချုပ်တော့မည်မဟုတ်ဘဲ ကစားသမားဘဝကို ကျောခိုင်းစွန့်ခွာရန် ဆုံးဖြတ်လိုက်ဖွယ် ရှိနေပြီဖြစ်ပြီး ကာရစ်မှာ နှလုံးခုန်နှုန်း မမှန်ကန်သည့်ဝေဒနာကို ခံစားနေရကြောင်း မန်ယူအသင်းဆေးအဖွဲ့က အတည်ပြုထားပြီလည်းဖြစ်သည်။

ကာရစ်သည် မန်ယူက ဘာတန်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလားပွဲစဉ်ကို ပါဝင်ကစားပေးခဲ့အပြီးတွင် ၎င်း၏ကျန်းမာရေးအခြေအနေကို စိတ်မချမှုများရှိလာသည့်အတွက် ဆေးစစ်မှုခံယူလိုက်ရာ၌ နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းဝေဒနာကို ခွဲစိတ်မှုခံယူကာ ကာရစ်က ကုသထားပြီဖြစ်သည်။

မော်ရင်ညိုသည် မန်ယူက ဘရိုက်တန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ကာရစ်ကို ကစားသမားဘဝက အနားယူလိုက်ပြီးချိန်တွင် အသင်းနည်းပြအဖွဲ့၌ တာဝန်တစ်ခုရယူရန် အသိပေးပြောကြားထားပြီဖြစ်ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပြီး ကာရစ်ဘက်ကမူ ယင်းကိစ္စအတွက် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကာရစ်ကို အသင့်စောင့်ကြိုနေတဲ့ ထိုင်ခုံတစ်ခုက မန်ယူနည်းပြအဖွဲ့ခုံတန်းလျားမှာ အသင့်ရှိနေပြီးသားပါ။ ကျွန်တော်အပါအဝင် အသင်းဒါရိုက်တာဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေက ကာရစ်ကို မန်ယူရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော်တို့ဘက်က သူ့အပေါ် ဘယ်လိုသဘောထားမျိုးရှိကြောင်းကို ကာရစ်လည်း သိထားပြီးပါပြီ။ သူ ဘယ်လိုဆုံးဖြတ်ချက်ချမလဲကိုပဲ ကျွန်တော်တို့ စောင့်မျှော်နေတာပါ”ဟု ပြောကြားသွားခဲ့သည်။



  • VIA