News

POST TYPE

SPORTS

မက်ဆီနှင့် ဘာစီလိုနာတို့ စာချုပ်သစ် တရားဝင်ချုပ်ဆို၊ စာချုပ်ဖျက်သိမ်းခတန်ကြေးကို ပေါင် ၆၂၆ သန်း သတ်မှတ်
25-Nov-2017


ဘာစီလိုနာ၊ နိုဝင်ဘာ ၂၅

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းနှင့် လေးနှစ်သက်တမ်းစာချုပ်သစ်ကို တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မက်ဆီ၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင်ငါးသိန်းသို့ မြင့်တက်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မက်ဆီသည် ယခုစာချုပ်သစ်အရ လာမည့် ၂၀၂၁ ခုနှစ် ဇွန်လတိုင်သည်အထိ ဘာစီလိုနာထံတွင် ဆက်ရှိသွားတော့မည်ဖြစ်ပြီး မက်ဆီနှင့်ချုပ်ဆိုလိုက်သည့် စာချုပ်သစ်၏စာချုပ်ဖျက်သိမ်းခတန်ကြေးကို ဘာစီလိုနာက ပေါင် ၆၂၆ သန်း သတ်မှတ်လိုက်သည်။

ဘလွန်းဒီအော်ဆု ငါးဆုပိုင်ရှင် မက်ဆီသည် စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေးသီးသန့် ပေါင်သန်း ၈၀ ရရှိမည်ဖြစ်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ဥရောပဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကို တရားဝင်လက်ခံရယူအပြီး တစ်ရက်အကြာတွင် မက်ဆီက ဘာစီလိုနာဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် မက်ဆီနှင့် အသင်းအကြားတွင် စာချုပ်သစ် တရားဝင်လက်မှတ်ရေးထိုးကြောင်းကို ယခုကဲ့သို့ တရားဝင် သတင်းမထုတ်ပြန်မီကတည်းကပင် မက်ဆီမှာ စာချုပ်သစ်အတွက် သဘောတူညီထားသည့် အကျိုးခံစားခွင့်များကို လက်ခံရယူကာ ကစားနေခြင်းဖြစ်သည့်အတွက် စိတ်ပူရန် မလိုကြောင်း အသင်းပရိသတ်များကို အသိပေးထားခဲ့ကာ လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂျာဗီးယားတီဘတ်စ်ကလည်း မက်ဆီနှင့် ဘာစီလိုနာအသင်းအကြားတွင် စာချုပ်သစ်လက်မှတ်ရေးထိုးလိုက်သည့် မှတ်တမ်းအထောက်အထားများအားလုံးမှာ ၎င်းတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကတည်းက အတည်ပြုထားခဲ့ပြီးဖြစ်သည်။

မက်ဆီသည် အသက် ၁၃ နှစ်အရွယ်ကတည်းကပင် အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးလ်ဘွိုင်းမှနေ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သည့် ၁၇ နှစ်တာကာလအတွင်း အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၆၀၂ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ မက်ဆီက သွင်းဂိုး ၅၂၃ ဂိုး ရယူပေးခဲ့ပြီးဖြစ်သည်။

မက်ဆီသည် ယင်း ၁၇ နှစ်တာကာလအတွင်း ဘာစီလိုနာနှင့်အတူ ဆုဖလားပေါင်း ၃၀ ဆွတ်ခူးရယူနိုင်ခဲ့ပြီး ဘာစီလိုနာက ၎င်းကို တစ်သက်တာစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။