News

POST TYPE

SPORTS

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ကဲ့သို့ စပါးဖြစ်လာပြီဟု ထင်မြင်နေခြင်းမှာ စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်ကြောင်း ပိုချက်တီနို သတိပေး
25-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၂၅

စပါးနည်းပြ ပိုချက်တီနိုသည် စပါးအသင်းကစားသမားများနှင့် အသင်းအားပေးသူ ပရိသတ်များကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့အား စပါးလိုက်မီလာပြီဟု ထင်မြင်ယူဆနေခြင်းမှာ စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်ပြီး လက်တွေ့အမှန်တရားနှင့် ကင်းကွာနေကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ပိုချက်တီနိုသည် ရီးရဲလ်မက်ဒရစ်ကခေါ်ယူရန် သတင်းများထွက်ပေါ်နေသည့် ကစားသမားများကိုလည်း စိတ်ကြီးဝင်ရန် အချိန်မတိုင်သေးကြောင်း ထပ်လောင်း အသိပေးသွားခဲ့ကာ ယင်းကစားသမားများအနေနှင့် ရီးရဲလ်မက်ဒရစ်ကို ကိုယ်စားပြုရန်အတွက် အဆင့်တစ်ခု လိုနေသေးကြောင်း ပိုချက်တီနိုက သုံးသပ်ထားသည်။

စပါးသည် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များအဖြစ် ရီးရဲလ်မက်ဒရစ်နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ရီးရဲလ်မက်ဒရစ်အသင်းပိုင် ဘာနေဗျူးဘောလုံးကွင်း၌ တစ်ဂိုးစီသရေရလဒ်ကို ရယူနိုင်ခဲ့ပြီး အိမ်ကွင်းဝင်ဘလေ၌ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင်မူ ရီးရဲလ်မက်ဒရစ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ကာ ယင်းပွဲစဉ်များ၏ရလဒ်များဖြင့် စပါးကို ရီးရဲလ်မက်ဒရစ်နှင့် အဆင့်တူဖြစ်လာပြီဟု အကဲဖြတ်ပါက လွန်စွာမှားယွင်းလိမ့်မည်ဖြစ်ကြောင်း ပိုချက်တီနိုက မှတ်ချက်ပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပိုချက်တီနိုက “ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို စပါးက အမီလိုက်နိုင် လာပြီလို့ မှတ်ထင်နေမိရင် အဲ့ဒီအတွေးကို ခေါင်းထဲကနေ ချက်ချင်း ထုတ်ပစ်လိုက်ပါ။ အဲ့ဒါဟာ ရူးသွပ်မှုသက်သက်ပါပဲ။ တစ်ခါတစ်ရံမှာ စိတ်ကူးမျှော်လင့်ချက်ဆိုတာက လက်တွေ့နဲ့ အရမ်းပဲ ကွာဟလွန်းလှပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဆိုတာက အိပ်မက်ဆန်ဆန် ကစားပြနိုင်တဲ့အသင်းတွေ ဖြစ်ပါတယ်။ စပါးဟာ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်ချင်ရင် ဆုဖလားတွေ ဆွတ်ခူးရယူပြဖို့ ကြိုးပမ်းရဦးမှာပါ။ မကြာသေးခင်ကပဲ အသင်းဂိုးသမား အယ်လ်လိုရစ်က ကျွန်တော်တို့အနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ပဲ ကြိုးပမ်းရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ထိပ်သီးလေသင်းစာရင်းဝင်နိုင်ဖို့ဆိုတာဟာ လွယ်ကူတဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ အဆင့်တစ်ကနေ လေးအတွင်း ၂၂ နှစ်ဆက်တိုက် ရပ်တည်ပြခဲ့ဖူးပါတယ်။ ကျွန်တော်တို့လည်း အနိမ့်ဆုံးအဖြစ် အဲ့ဒီလိုစွမ်းဆောင်ပြနိုင်အောင် ကြိုးစားရမှာပါ”ဟု ပြောကြားသွားခဲ့သည်။



  • VIA