News

POST TYPE

SPORTS

ကမ္ဘာ့အကောင်းဆုံးနည်းပြထံတွင် ပညာသင်ယူခွင့်ရနေခြင်းဟု လင်ဒီလော့ဖ် ပြောကြား
24-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၂၄

မန်ယူနောက်ခံကစားသမား လင်ဒီလော့ဖ်သည် ၎င်းအနေနှင့် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးနည်းပြထံ၌ ပညာသင်ယူခွင့်ရရှိနေသည့်အတွက် လွန်စွာကျေနပ်အားရဖြစ်မိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။

လင်ဒီလော့ဖ်သည် မန်ယူနည်းပြ မော်ရင်ညိုကို ကမ္ဘာ့အကောင်းဆုံးနည်းပြဟု တင်စားလိုက်ခြင်းဖြစ်ပြီး ၎င်းနှင့်မော်ရင်ညိုအကြားတွင် ဆက်ဆံရေးမပြေလည်မှုများရှိနေသည်ဆိုခြင်းကိုလည်း လင်ဒီလော့ဖ်က ငြင်းဆန်ပယ်ချသွားခဲ့သည်။

မော်ရင်ညိုသည် ဘောလုံးရာသီ အစောပိုင်းကာလများတွင် လင်ဒီလော့ဖ်ကို ချန်ပီယံလိဂ်ပွဲစဉ်များ၌သာ ထည့်သွင်းအသုံးပြုခဲ့ပြီး လက်ရှိတွင်မူ လင်ဒီလော့ဖ်ကို ပရီးမီးယားလိဂ်ပွဲစဉ်များ၌ မော်ရင်ညိုက စတင်နေရာပေးနေပြီလည်းဖြစ်သည်။

မန်ယူသည် မနက်ဖြန်တွင် ဘရိုက်တန်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘေလ်လီနှင့် ဖီးလ်ဂျုံးစ်ကို ဒဏ်ရာပြဿနာများကြောင့် ဆက်လက် အနားပေးထားရလိမ့်ဦးမည်ဖြစ်ပြီး ယင်းအတွက် လင်ဒီလော့ဖ်ကို စမောလင်းနှင့်တွဲဖက်၍ မော်ရင်ညိုက ပွဲထုတ်ရလိမ့်ဦးမည်ဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် လင်ဒီလော့ဖ်က “မော်ရင်ညိုဟာ အရမ်းကို ထူးချွန်တဲ့နည်းပြပါ။ ပြောရမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးနည်းပြလို့တောင် ပြောလို့ရပါတယ်။ ဒီလိုအရည်အသွေးမြင့်မားတဲ့ နည်းပြတစ်ယောက်နဲ့ လက်တွဲအလုပ်လုပ်ခွင့်ရတာဟာ ကျွန်တော့်အတွက် အရမ်းကို ကျေနပ်စရာပါပဲ”ဟု ပြောကြားသွားခဲ့သည်။



  • VIA