News

POST TYPE

SPORTS

မော်ရင်ညိုကို စံချိန်တင်လုပ်ခလစာပေး၍ မန်ယူ စာချုပ်သစ်ချုပ်မည်
19-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၁၉

မန်ယူအသင်းတာဝန်ရှိသူများသည် မန်ယူက နယူးကာဆယ်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် နည်းပြမော်ရင်ညိုကို စာချုပ်သစ် လက်မှတ်ရေးထိုးရန်အတွက် အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီဖြစ်ပြီး မန်ယူက ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက မော်ရင်ညိုမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်လုပ်ခလစာ အကျိုးခံစားခွင့်ရရှိသည့် နည်းပြအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူသည် လက်ရှိတွင် မော်ရင်ညိုကို တစ်နှစ်လုပ်ခလစာအဖြစ် ပေါင် ၁၅ သန်း အကျိုးခံစားခွင့် ပေးအပ်ထားပြီး အသင်းနှင့် မော်ရင်ညိုအကြားတွင် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့်အတွက် မန်ယူက စာချုပ်သစ်ချုပ်ဆိုနိုင်ရေးကို စိုင်းပြင်းလာခြင်းဖြစ်သည်။

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် မော်ရင်ညိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိနေပြီး ယင်းအတွက် မော်ရင်ညိုကို စာချုပ်သစ်ချုပ်ဆိုလိုပါက မန်ယူမှာ ပီအက်စ်ဂျီကဲ့သို့သော လစာတစ်ရပ်ကို အသုံးပြုရန် လိုအပ်ချက်ရှိလာခဲ့ပြီဖြစ်သည်။

မော်ရင်ညိုသည် မန်ယူအသင်းတာဝန်ရှိသူများအနေနှင့် ၎င်းကို စာချုပ်သစ် လက်မှတ်ရေးထိုးလိုပါက မြင့်မားသည့် လုပ်ခလစာ အကျိုးခံစားခွင့်တစ်ရပ်အပြင် အပြောင်းအရွှေ့အသုံးစရိတ် စိတ်ကြိုက်သုံးစွဲခွင့်ဖြင့် အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ခွင့်ပေးရန် လိုအပ်လိမ့်မည်ဟု အကျိုးဆောင်အေးဂျင့်များကတစ်ဆင့် အသိပေးပြောကြားထားပြီးဖြစ်ကာ မန်ယူအတွက် မော်ရင်ညိုခေါ်ယူလိုလျက်ရှိသည့် ကစားသမားများစာရင်းတွင် ထိပ်ဆုံးနေရာ၌ ပါရှိနေသည်မှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ဖြစ်ကြသည်။

မန်ယူသည် အဆိုပါကစားသမားနှစ်ဦးကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏစုစုပေါင်း ပေါင် ၁၃၆ သန်း သုံးစွဲရန် ရည်ရွယ်ထားပြီး ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများကလည်း ဒဏ်ရာပြဿနာများဖြင့် အဆက်မပြတ် ရင်ဆိုင်နေရသော ဂါရတ်ဘေးလ်ကို ထိုက်သင့်သည့်ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားကြပြီဖြစ်သည်။