News

POST TYPE

SPORTS

စပိန်အစိုးရကို ဆန့်ကျင်သည့်လုပ်ရပ်များ ဆက်လက်ဆောင်ရွက်ပါက ကွင်းပိတ်ပြစ်ဒဏ် ချမှတ်မည်ဟု ဘာစီလိုနာကို ပြိုင်ပွဲကျင်းပရေးကော်မတီ သတိပေး
18-Nov-2017

မက်ဒရစ်၊ နိုဝင်ဘာ ၁၈

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် ဘာစီလိုနာအသင်းအားပေးသူများက အိမ်ကွင်းပွဲစဉ်များတွင် စပိန်အစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များ ဆောင်ရွက်နေခြင်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဘာစီလိုနာအနေနှင့် ယင်းပရိသတ်များကို တာဝန်ယူထိန်းသိမ်းခြင်း မရှိပါက ကွင်းပိတ်ပြစ်ဒဏ် ချမှတ်အရေးယူခံရလိမ့်မည်ဟု လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက သတိပေးချက် ထုတ်ပြန်ထားပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းပရိသတ်များသည် ကတ်တလန်လွတ်လပ်နယ်မြေခွဲထွက်တည်ထောင်ရေးအတွက် လူထုဆန္ဒသဘောထားခံယူပွဲ ကျင်းပခဲ့သည်ကို စပိန်အစိုးရအာဏာပိုင်များဘက်က အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း၊ ကတ်တလန်လွှတ်တော်၏အခွင့်အာဏာများကို စပိန်အစိုးရက တိုက်ရိုက်ထိန်းချုပ်လိုက်ခြင်း၊ ကတ်တလန်နိုင်ငံရေးခေါင်းဆောင်များကို အာမခံမပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားခြင်း အစရှိသည့်ကိစ္စများနှင့်စပ်လျဉ်း၍ မကျေနပ်မှုများရှိနေပြီး ၎င်းတို့၏ဆန္ဒသဘောထားကို ဘာစီလိုနာအသင်း၏အိမ်ကွင်းပွဲစဉ်များ၌ ကြွေးကြော်သံများ အော်ဟစ်၍လည်းကောင်း၊ ကတ်တလန်အလံများ ကိုင်ဆောင်၍လည်းကောင်း၊ တောင်းဆိုချက်များ ရေးသားထားသည့် စာတမ်းများ ကိုင်ဆောင်၍လည်းကောင်း ဘာစီလိုနာပရိသတ်များက ထုတ်ဖော်ပြသနေကြသည်။

ဘာစီလိုနာအသင်းသည်လည်း စပိန်အစိုးရအာဏာပိုင်များ၏လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ကတ်တလန်ဒေသမှာ ဒီမိုကရေစီ၏အနှစ်သာရ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် စသည့် အခွင့်အရေးများအားလုံးကို စပိန်အစိုးရအာဏာပိုင်များကြောင့် ဆုံးရှုံးလိုက်ရပြီဟု ၎င်းတို့ထုတ်ပြန်သည့် ကြေညာချက်တွင် ဘာစီလိုနာက ထည့်သွင်းဖော်ပြထားသည်။

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဂျာဗီးယား တီဘတ်စ်သည် ဘာစီလိုနာအသင်းနှင့် ဘာစီလိုနာပရိသတ်များ၏အပြုအမူများမှာ နိုင်ငံရေးနှင့် အားကစားကို ရောထွေးရန် ကြိုးပမ်းသည်နှင့် အလားသဏ္ဌာန်တူနေကြောင်း အပြစ်တင်လိုက်ပြီး နိုင်ငံရေးနှင့် အားကစားကို ရောထွေးပါက အရေးယူအပြစ်ပေးနိုင်သည့် အခွင့်အာဏာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ထားပြီးဖြစ်သည့်အတွက် ယင်းစည်းမျဉ်းဥပဒေအတိုင်း ဘာစီလိုနာကို ပြစ်ဒဏ်ချရလိမ့်မည်ဟု တီဘတ်စ်က ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် တီဘတ်စ်က “ဘာစီလိုနာပရိသတ်တွေရဲ့အပြုအမူက အတိုင်းအတာတစ်ရပ်ကို ကျော်လွန်လာပြီလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။ ဘာစီလိုနာကို သတိပေးချင်တာက ကိုယ့်ပရိသတ်တွေကို တာဝန်ယူထိန်းသိမ်းတာမျိုး ဆောင်ရွက်ဖို့ပါပဲ။ အဲ့ဒီလိုမှမဟုတ်ရင်တော့ ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရတာမျိုးနဲ့ သူတို့ ရင်ဆိုင်ရပါလိမ့်မယ်”ဟု အသိပေးသွားခဲ့သည်။



  • VIA