News

POST TYPE

SPORTS

အီဘရာဟီမိုဗစ်နှင့် လုကာကုတို့ တွဲဖက်ကစားနိုင်စေရန် အသင်းကစားကွက်ကို ၃-၅-၂ ပုံစံသို့ ပြောင်းလဲမည်ဟု မော်ရင်ညို အသိပေး
18-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၁၈

မန်ယူနည်းပြ မော်ရင်ညိုသည် ဒူးဒဏ်ရာပြဿနာကြောင့် လအတန်ကြာ အနားယူခဲ့ရသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ် ပွဲထွက်ကစားနိုင်တော့မည်ဖြစ်၍ အသင်းကို နည်းဗျူဟာ အပြောင်းအလဲလုပ်ရန် စီစဉ်နေပြီဖြစ်ကာ တိုက်စစ်၌ အီဘရာဟီမိုဗစ်နှင့် လုကာကုတို့ တွဲဖက်ကစားနိုင်စေရန်အတွက် ၃-၅-၂ ကစားကွက်ကို မော်ရင်ညိုက အသုံးပြုလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မော်ရင်ညိုသည် အီဘရာဟီမိုဗစ်နှင့် လုကာကုတို့မှာ တိုက်စစ်တွင် အတူတကွ တွဲဖက်ကစားနိုင်စွမ်းရှိသည်ဟု အခိုင်အမာ ယုံကြည်နေပြီး လက်ရှိဘောလုံးရာသီတွင် အသင်းတိုက်စစ်၌ ကစားသမားနှစ်ဦး တွဲဖက်ကစားစေသည့် နည်းဗျူဟာကို ၎င်းအနေနှင့် စမ်းသပ်ထားဖူးပြီး အောင်မြင်မှုများလည်း ရရှိထားကြောင်း မော်ရင်ညိုက ဖွင့်ဟပြောကြားထားသည်။

မော်ရင်ညိုသည် အီဘရာဟီမိုဗစ် ပြန်လည်ကစားနိုင်မည့်အချိန်ကို မျှော်လင့်၍ အသင်းကစားကွက်ကို ပုံဖော်ထားခြင်းဖြစ်ပြီး ခံစစ်၌ ကစားသမားသုံးဦးသာ ထားရှိသည့် နည်းဗျူဟာကို ရာသီကြိုခြေစမ်းပွဲများကတည်းကပင် စွဲစွဲမြဲမြဲ အသုံးပြုခဲ့သည်မှာ အချိန်အခါကျရောက်လာပါက ၃-၅-၂ ကစားကွက်ကို အဆင်ပြေစွာ အသက်သွင်းနိုင်စေရန်အတွက်ဖြစ်သည်ဟုလည်း မော်ရင်ညိုက ရှင်းပြထားသည်။

မော်ရင်ညိုသည် အီဘရာဟီမိုဗစ်နှင့် လုကာကုတို့မှာ အတူတကွ တွဲဖက်၍ စိတ်လှုပ်ရှားဖွယ်ရာ တိုက်စစ်ကစားဟန်တစ်ခုကို အသက်သွင်းပြလိမ့်မည်ဟု ဖွင့်ဟပြောကြားထားသေးကာ အီဘရာဟီမိုဗစ် ဒဏ်ရာရရှိနေချိန်တွင် အီဘရာဟီမိုဗစ် မရှိပါက မည်သို့ကစားရမည်ဆိုခြင်းကို သင်ယူလေ့လာခွင့်ရခဲ့သည့်အတွက် အချည်းနှီးဖြစ်ခဲ့သည်ဟု မဆိုသာကြောင်းလည်း မော်ရင်ညိုက မှတ်ချက်ပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “အီဘရာဟီမိုဗစ်နဲ့ လုကာကုတို့ကို တွဲဖက်အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ယူဆသူတွေ ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်လောက်အထိ ဟန်ချက်ညီညီ တွဲဖက်ကစားနိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော် သက်သေပြသွားမှာပါ။ အီဘရာဟီမိုဗစ်နဲ့ လုကာကုတို့ကို တွဲဖက်အသုံးပြုဖို့အတွက် သင့်တော်မယ့်နည်းစနစ်တစ်ခုကို ရာသီသစ် မစတင်ခင်ကတည်းက ကျွန်တော် ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ ခံစစ်ကို ကစားသမားသုံးဦးနဲ့အထိုင်ချပြီး နည်းဗျူဟာ အပြောင်းအလဲလုပ်ခဲ့တာဟာ သူတို့နှစ်ယောက်ကို တွဲဖက်အသုံးပြုချင်လို့ပါပဲ။ အီဘရာဟီမိုဗစ်က တိုက်စစ်မှာ နေရာစုံ ရွေ့လျားကစားပြီး လိုအပ်လာရင် ကွင်းလယ်နဲ့ လိုက်လျောညီထွေ ချိတ်ဆက်ပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ လုကာကုဟာ အီဘရာဟီမိုဗစ်နဲ့တွဲဖက်ကစားခွင့်ရတာကြောင့် ပိုပြီး အစွမ်းပြခွင့်ရလာမှာပါ”ဟု ပြောကြားသွားခဲ့သည်။