News

POST TYPE

SPORTS

၂၀၁၉ ခုနှစ်ကစ၍ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲချိန်ဇယား ပြောင်းလဲမည်၊ ပွဲအားလုံးနီးပါး ညနက်ပိုင်းပွဲစဉ် ဖြစ်လာမည်ဖြစ်
18-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၁၈

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ရုပ်သံလွှင့်ကုမ္ပဏီကြီးများ၏တောင်းဆိုထားမှုအရ ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် ပွဲချိန်ဇယား ပြင်ဆင်ရေးဆွဲပေးရန် အကြိုသဘောတူညီလိုက်ပြီဖြစ်ပြီး ယင်းပွဲစဉ်ဇယားသစ်ကို လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများ အားလုံးနီးပါးက ထောက်ခံထားသည့်အတွက် အထမြောက် အကောင်အထည်ပေါ်လာရန်မှာ ရာနှုန်းပြည့်နီးပါး သေချာနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် စနေညပွဲစဉ်များကို အဓိကထား၍ အချိန်ပြောင်းလဲမှုများ ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်ဇယားသစ်မှာ ၂၀၁၉ ခုနှစ်ကစ၍ အသက်ဝင်လာမည်ဖြစ်ကြောင်းလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် စနေညတွင် ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်အများစုကို ၂၀၁၉ ခုနှစ်ကစ၍ ဗြိတိန်စံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်သို့ ပွဲချိန်ပြောင်းလဲမည်ဖြစ်ပြီး ယင်းအတွက် မြန်မာစံတော်ချိန်အရ နွေယဉ်စွန်းတန်းစံတော်ချိန်ကာလတွင် နံနက် ၁ နာရီ ၁၅ မိနစ်၊ နွေယဉ်စွန်းတန်းစံတော်ချိန် ကုန်ဆုံးချိန်တွင် နံနက် ၂ နာရီ ၁၅ မိနစ်သို့ ပရီးမီးယားလိဂ်ပွဲစဉ်များက ပွဲချိန်ရွှေ့ပြောင်းသွားတော့မည်ဖြစ်သည်။

ရုပ်သံလွှင့်ကုမ္ပဏီကြီးများသည် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ပရီးမီးယားလိဂ်ပွဲစဉ်များ၏ပွဲစဉ်ဇယားကို အချိန်ပြောင်းလဲ၍ ပုံစံသစ်ရေးဆွဲပေးရန် သဘောတူညီလိုက်သည့်အတွက် လက်ရှိထက် ပွဲစဉ်ပေါင်း ၄၂ ပွဲ ပိုမိုထုတ်လွှင့်ပြသခွင့် ရလာနိုင်တော့မည်ဖြစ်ပြီး ယင်းပွဲစဉ်ဇယား အသစ်ပြင်ဆင်ရေးဆွဲမှုအရ ပရီးမီးယားလိဂ်၏ရုပ်သံလွှင့်ခ ၀င်ငွေရရှိမှုမှာ ပိုမိုတိုးပွားသွားတော့မည်လည်းဖြစ်သည်။

ရုပ်သံလွှင့်ကုမ္ပဏီကြီးများသည် လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် တင်ဒါသစ်ခေါ်ယူတော့မည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ရုပ်သံလွှင့်မူပိုင်ခွင့်အတွက် ပွဲစဉ်ဇယား အချိန်ပြောင်းလဲပေးမှုအပေါ်တွင် မူတည်ကာ စံချိန်တင်ငွေကြေးတစ်ရပ် ထပ်မံသုံးစွဲရတော့မည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစတင်မည့် ယင်းသုံးနှစ်သက်တမ်း ရုပ်သံလွှင့်ခွင့်စာချုပ်သစ်အတွက် ရုပ်သံလွှင့်ကုမ္ပဏီကြီးများဘက်က ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီကို ပေးချေရမည့်ငွေပမာဏမှာ ပေါင် ၅ ဒသမ ၁၄ ဘီလီယံ ရှိလာလိမ့်မည်ဖြစ်သည်။