News

POST TYPE

SPORTS

လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂါရတ်ဘေးလ်ကို ခေါ်ယူရန် မန်ယူ ရည်ရွယ်ထားဆဲဖြစ်
18-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၈

မန်ယူနည်းပြ မော်ရင်ညိုသည် ရီးရဲလ်မက်ဒရစ်ဘက်က ဂါရတ်ဘေးလ်ကို အမှန်တကယ် ရောင်းထုတ်မည်ဆိုပါက လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ယင်းအပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနှင့် အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့သည် ဒဏ်ရာပြဿနာများဖြင့် အဆက်မပြတ် ရင်ဆိုင်နေရသည့် ဂါရတ်ဘေးလ်ကို သင့်တင့်မျှတသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းဆက်သွယ်လာခဲ့မည်ဆိုပါက လက်လွှတ်ရောင်းချလိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ပြီး ဂါရတ်ဘေးလ်၏တန်ကြေးကို ရီးရဲလ်မက်ဒရစ်က ပေါင် ၈၅ သန်း သတ်မှတ်တောင်းဆိုနေသော်လည်း အမှန်တကယ် တိုက်တိုက်ဆိုင်ဆိုင် ဆွေးနွေးညှိနှိုင်းလာခဲ့မည်ဆိုပါက ပေါင် ၆၉ သန်းဝန်းကျင်မျှဖြင့်ပင် ယင်းအပြောင်းအရွှေ့မှာ ပြီးပြတ်သွားနိုင်သည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

မော်ရင်ညိုသည် မန်ယူအသင်းကို ပြီးပြည့်စုံစွာ ပုံဖော်နိုင်ရန်အတွက် ထိပ်တန်းအဆင့်တိုက်စစ်တောင်ပံကစားသမားများ ခေါ်ယူနိုင်ရန် လိုအပ်သေးကြောင်း ဖွင့်ဟအသိပေးထားပြီးဖြစ်ကာ ဖာဂူဆန်အလွန်တွင် မန်ယူကို တာဝန်ယူခဲ့သော နည်းပြအားလုံး(ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်နှင့် မော်ရင်ညို)မှာ အသင်းအတွက် ဂါရတ်ဘေးလ်ကိုခေါ်ယူရန် ဆန္ဒရှိသူများချည်း ဖြစ်ကြသည်ကိုလည်း ထူးခြားချက်တစ်ရပ်အဖြစ် မြင်တွေ့ရသည်။

မော်ရင်ညိုသည် ဂါရတ်ဘေးလ် ရင်ဆိုင်ကြုံဆုံနေရသည့် ဒဏ်ရာပြဿနာများကို ကျွမ်းကျင်ဆရာဝန်များ၏အကူအညီဖြင့် ပထမအဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဒဏ်ရာများ၏အခြေအနေမှာ ဂါရတ်ဘေးလ်၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ခြင်း မရှိဟု အဖြေထွက်ပေါ်လာခဲ့ပါက ၎င်းကိုခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို မော်ရင်ညိုက တောင်းဆိုသွားတော့မည်လည်းဖြစ်သည်။

ဂါရတ်ဘေးလ်သည် လက်ရှိဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ကိုးပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ကာ လက်ရှိတွင်လည်း လေ့ကျင့်ရေးအစီအစဉ်၌ ပေါင်ဒဏ်ရာရရှိခဲ့သည့်အတွက် ၎င်းကို ရီးရဲလ်မက်ဒရစ်က တစ်လထပ်မံ၍ အနားပေးထားရပြန်ပြီဖြစ်သည်။



  • VIA