News

POST TYPE

SPORTS

ခြေစမ်းပွဲတစ်ပွဲအတွက် ကစားသမားတစ်ဦးကို မည်သည့်အခါကမျှ ဆေးထိုး၍ မကစားခိုင်းခဲ့ဖူးကြောင်း မော်ရင်ညို ပြောကြား
18-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၈

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကို ဂျာမနီနှင့်ခြေစမ်းပွဲတွင် ဆေးထိုး၍ ထည့်သွင်းအသုံးပြုခဲ့ခြင်းအတွက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်နှင့် အင်္ဂလန်လက်ရွေးစင်အသင်းဆေးအဖွဲ့ကို ဒေါသပေါက်ကွဲနေပြီး ၎င်း၏နည်းပြဘဝဖြတ်သန်းမှုအတွင်း ကစားသမားတစ်ဦးကို ခြေစမ်းပွဲတစ်ပွဲအတွက် မည်သည့်အခါကမျှ ဆေးထိုး၍ အသုံးမပြုခဲ့ဖူးကြောင်း မော်ရင်ညိုက ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် အင်္ဂလန်အသင်းဆေးအဖွဲ့ကို ဆေးအဖွဲ့လုပ်ဆောင်ရမည့် ဝတ္တရားများကို ပျက်ကွက်ကာ နည်းပြဆောက်ဂိတ်နှင့် အလိုတူ အလိုပါဖြစ်ခဲ့သည်ဟု အပြစ်တင်လိုက်ပြီး ဆေးအဖွဲ့၏တာဝန်မှာ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသော ကစားသမားတစ်ဦးကို နည်းပြက ထည့်သွင်းအသုံးပြုလိုသည့်တိုင် အကျိုးအကြောင်း သေချာတိကျစွာရှင်းပြ၍ တားမြစ်ရမည်သာဖြစ်ကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် အင်္ဂလန်နှင့် ဂျာမနီတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် ဖီးလ်ဂျုံးစ်ကို နာကျင်မှုသက်သာပျောက်ကင်းစေမည့် ဆေးခြောက်လုံးထိုး၍ ပါဝင်ကစားစေခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ယင်းပွဲစဉ်၌ ပေါင်ဒဏ်ရာ ရသွားခဲ့သည့်အတွက် မန်ယူက ဖီးလ်ဂျုံးစ်ကို အနားပေးထားလိုက်ရပြီဖြစ်သည်။

ဖီးလ်ဂျုံးစ်သည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သို့ရောက်မှသာ ပြန်လည်ပွဲထွက်ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ သီတင်းသုံးပတ်ခန့်က ဒဏ်ရာပြဿနာများကြောင့် ၎င်းကို မန်ယူက အနားပေးထားခဲ့ရသေးသည်။

ဖီးလ်ဂျုံးစ်သည် ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်း၏ကြံ့ခိုင်မှုမှာ စိတ်မချရသေးကြောင်း၊ ခြေချောင်းငယ်များ နာကျင်ခြင်းနှင့်အတူ အဖျားဝေဒနာကိုပါ ခံစားရလျက်ရှိကြောင်း အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ထံသို့ အစီရင်ခံစာပေးပို့ခဲ့ပြီး ယင်းအစီရင်ခံစာတင်ပြချက်ကို လျစ်လျူရှုကာ ဆောက်ဂိတ်က ဖီးလ်ဂျုံးစ်ကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း မော်ရင်ညိုက စွပ်စွဲထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “မကြားဖူးတာတွေ ကြားနေရပါတယ်။ ဂျာမနီနဲ့ခြေစမ်းပွဲမှာ အသုံးပြုဖို့အတွက် ဖီးလ်ဂျုံးစ်ကို နာကျင်ကိုက်ခဲမှု သက်သာပျောက်ကင်းစေတဲ့ဆေး ခြောက်လုံး ထိုးခဲ့ပါတယ်တဲ့။ ခြေစမ်းပွဲတစ်ပွဲမှာ ဒဏ်ရာအကင်းမသေသေးတဲ့ ကစားသမားတစ်ယောက်ကို အဲ့ဒီလိုမျိုး စွန့်စားကစားခိုင်းဖို့ ထိုက်တန်ပါရဲ့လား။ ကျွန်တော့်ရဲ့နည်းပြဘဝဖြတ်သန်းမှုဟာ ၁၇ နှစ် ရှိလာခဲ့ပါပြီ။ ခြေစမ်းပွဲတစ်ပွဲအတွက် ကစားသမားတစ်ယောက်ကို ဆေးထိုးအသုံးပြုတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ အရေးကြီးတဲ့ပွဲစဉ်တစ်ချို့၊ အသင်းအတွက် အရမ်းကို အရေးပါတဲ့ အဆုံးအဖြတ်ပွဲစဉ်တစ်ချို့မှာတော့ အဲ့ဒီလိုမျိုး ကျွန်တော် လုပ်ခဲ့ဖူးပါတယ်။ ခြေစမ်းပွဲတစ်ပွဲအတွက် ကစားသမားတစ်ယောက်ကို ဆေးထိုးကစားခိုင်းတာမျိုးတော့ အခုလည်း လုပ်မှာ မဟုတ်သလို နောင်လည်းလုပ်မှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။



  • VIA