News

POST TYPE

SPORTS

ခြေစစ်ပွဲအောင်မြင်မည်ဟု ယုံကြည်ချက်ထားကာ အသင်းအခြေစိုက်ရန်အတွက် အီတလီအသင်း ဟိုတယ်ခန်းများ ကြိုတင်မှာကြားထားခဲ့
17-Nov-2017

ရောမ၊ နိုဝင်ဘာ ၁၇

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် အီတလီလက်ရွေးစင်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့် ရနိုင်လိမ့်မည်ဟု ယုံကြည်ချက်ထားရှိကာ ဟိုတယ်ခန်းများပင် ကြိုတင်ငှားရမ်းထားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

အီတလီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထပ်ဆင့် Play-Off ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာတွင် ဆွီဒင်ကို နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ကာ ခြေစစ်ပွဲကျရှုံးသွားခဲ့ရခြင်းဖြစ်ပြီး ယင်းမှာ  အီတလီအတွက် နှစ်ပေါင်း ၆၀ အတွင်း  ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့် ပထမဆုံးအကြိမ် ဆုံးရှုံးရခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

အီတလီဘောလုံးအဖွဲ့ချုပ်သည် အသင်းအခြေစိုက်ရန်အတွက် မည်သည့်နေရာတွင် ဟိုတယ်ခန်းများ ကြိုတင်ငှားရမ်းခဲ့သည်ဆိုခြင်းကိုမူ သတင်းထုတ်ပြန်ခြင်း မရှိဘဲ လျှို့ဝှက်ထားခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့သော ဒိန်းမတ်က အီတလီအသင်းအစား ယင်းဟိုတယ်ခန်းများကို အပြီးသတ် ငှားရမ်းလိုက်ပြီဖြစ်သည်။

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့ရပြီးသည့်နောက်တွင် အသင်းကို သွေးသစ်လောင်းရန် စီစဉ်နေပြီဖြစ်ပြီး ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ဗင်ကျူရာ နေရာတွင် နည်းပြသစ်တစ်ဦး အစာထိုးနိုင်ရေးကို အီတလီဘောလုံးအဖွဲ့ချုပ်က စီမံစိုင်းပြင်းနေပြီလည်းဖြစ်သည်။

အီတလီဘောလုံးပရိသတ်များသည် ချယ်လ်ဆီးနည်းပြ ကွန်တီကို လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် မြင်တွေ့ခွင့်ရရန် ဆန္ဒရှိနေသော်လည်း လက်ရှိအခြေအနေများအရ ဘိုင်ယန်မြူးနစ်နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရအပြီးတွင် အလုပ်လက်မဲ့ဖြစ်နေသော အန်စလော့တီက အီတလီလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာရန် နီးစပ်မှုများ ရှိနေပြီဖြစ်သည်။



  • VIA