POST TYPE

SPORTS

နယူးကာဆယ်နှင့်ပွဲတွင် မန်ယူအရန်လူစာရင်း၌ ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့ ပါဝင်လာဖွယ်ရှိ
17-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၁၇

ဒဏ်ရာပြဿနာများကြောင့် အနားယူနေခဲ့ကြရသည့် ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့သည် မနက်ဖြန်(စနေနေ့)တွင် မန်ယူနှင့် နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းအရန်လူစာရင်း၌ ပါဝင်လာဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့သည် လက်ရှိတွင် လေ့ကျင့်ရေးပြန်ဆင်းနေကြပြီဖြစ်ပြီး နောက်ခံလူ ရိုဂျိုမှာလည်း မန်ယူ ယူ-၂၃ အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲပါဝင်ကစားပေးနိုင်သည်အထိ တိုးတက်မှုများရှိနေပြီဖြစ်သည်။

အီဘရာဟီမိုဗစ်သည် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လွန်ခဲ့သည့်ဧပြီလကတည်းကပင် အနားယူနေခဲ့ရခြင်းဖြစ်ပြီး  ပေါ့ဂ်ဘာကမူ လွန်ခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့၌ မန်ယူက ဘေဆယ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိကာ အနားယူလိုက်ရခြင်းဖြစ်သည်။

မန်ယူသည် ပေါ့ဂ်ဘာကို ဒဏ်ရာကြောင့် အနားပေးလိုက်ရသည့်အချိန်ကစ၍ ကွင်းလယ်လုပ်အားနှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မန်စီးတီးနှင့် ၎င်းတို့အကြား၌ ရမှတ်ရှစ်မှတ် ကွာဟနေသော်လည်း အဓိကကစားသမားများ ပွဲပြန်လည်ကစားနိုင်သည်နှင့် ယင်းအမှတ်ကွာဟချက်ကို လျှော့ချရန် အခွင့်အလမ်းများ ထွက်ပေါ်လာလိမ့်မည်ဟု နည်းပြမော်ရင်ညိုက ဖွင့်ဟပြောကြားထားသည်။

မန်ယူသည် လက်ရှိတွင် ဟာရီရာနှင့် ဖယ်လိုင်နီတို့ကို စာချုပ်သစ်များ လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ဖယ်လိုင်နီက အသင်းဘက်က တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၀,၀၀၀ ဖြင့် ၂ နှစ်သက်တမ်း စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းခဲ့သည်ကို ငြင်းဆန်ပယ်ချထားသော်လည်း နှစ်ဦးနှစ်ဖက်အကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေဆဲဖြစ်သည့်အတွက် အဆင်ပြေရန် လမ်းစတစ်ခုထွက်ပေါ်လာလိမ့်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက ယုံကြည်ထားဆဲဖြစ်သည်။