News

POST TYPE

SPORTS

စပါးနှင့်ပွဲတွင် အာဆင်နယ်မှာ အောက်အသင်းမဟုတ်ဟု အာစင်ဝင်းဂါး ပြောကြား၊ နှစ် ၂၀ ကြာ စပါးအပေါ် လွှမ်းမိုးခဲ့ပြီးပြီဟု ဆို
16-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၁၆

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာမည့်စနေနေ့တွင် အာဆင်နယ်နှင့် စပါးတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်ကို အောက်အသင်းအဖြစ် သတ်မှတ်ပြောကြားနေခြင်းများကို ၎င်းအနေနှင့် လက်မခံနိုင်ဟု အသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

စပါးသည် နောက်ဆုံးဖြတ်သန်းခဲ့သည့် နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အာဆင်နယ်၏အထက်တွင် ရပ်တည်၍ ဘောလုံးရာသီပိတ်သိမ်းနိုင်ခဲ့သည်မှာ ယမန်နှစ်က တစ်ကြိမ်တည်းသာ ရှိခဲ့ဖူးပြီး စပါးအပေါ် ၎င်းတို့က နှစ်ပေါင်း ၂၀ ကျော်ကြာ လွှမ်းမိုးခဲ့ဖူးသည်ကို ပရိသတ်များအနေနှင့် မမေ့သင့်ကြောင်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သည်။

စပါးသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်သုံးနေရာ၌ရပ်တည်လျက်ရှိပြီး အာဆင်နယ်ကမူ အဆင့်ခြောက်နေရာသို့ ရောက်ရှိလျက်ရှိကာ ၎င်းတို့နှစ်သင်းအကြားတွင် ရမှတ်လေးမှတ် ကွာဟလျက်ရှိသည်။

အာစင်ဝင်းဂါးသည် စပါးနှင့်ပွဲစဉ်တွင် အနိုင်ရလဒ်ကို ရယူရန်အတွက် ၎င်းတို့ထံတွင် စံချိန်မီအရည်အသွေးကောင်းများ ရှိနေဆဲပင်ဖြစ်ကြောင်းလည်း အသိပေးသွားခဲ့ပြီး စပါးနှင့်မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ၎င်းတို့အတွက် တောင့်တင်းသောအသင်းတစ်သင်းအဖြစ် ရပ်တည်နေနိုင်ဆဲဖြစ်သည်ကို သက်သေပြရန် အကောင်းဆုံးအခွင့်အရေးဟု အာစင်ဝင်းဂါးက ယူဆထားသည်။

အာစင်ဝင်းဂါးသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို တားဆီးရန်နည်းလမ်းကိုလည်း ၎င်းအနေနှင့် စဉ်းစားထားပြီးဖြစ်ကြောင်း အသိပေးထားပြီး ဟယ်ရီကိန်းမှာ ကစားသမားကောင်းတစ်ဦးဖြစ်သည်ကို လက်ခံသော်လည်း အာဆင်နယ်အနေနှင့် ၎င်းကို ကြောက်ရွံရန် အကြောင်းမရှိဟု အာစင်ဝင်းဂါးက မှတ်ချက်ပေးထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “စပါးနဲ့ယှဉ်ပြိုင်ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ကျွန်တော်တို့ကို အောက်အသင်းအဖြစ် သတ်မှတ်ပြောဆိုနေတာတွေကို ကြားသိနေရပါတယ်။ ဒါကို ကျွန်တော် လုံး၀ လက်မခံပါဘူး။ စပါးရဲ့အောက်မှာ ကျွန်တော်တို့ ရပ်တည်ခဲ့ရတာက တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ သူတို့အပေါ် ကျွန်တော်တို့က နှစ်ပေါင်း ၂၀ လွှမ်းမိုးထားခဲ့တာပါ။ သူတို့ကို ဘာအကြောင်းနဲ့မှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ အနိုင်ရလဒ်ကို အရယူပြီး ကျွန်တော်တို့ဟာ အင်အားတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်နေဆဲဖြစ်ကြောင်းကို သက်သေပြဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။



  • VIA