News

POST TYPE

SPORTS

မက်ဆီနှင့် ဘာစီလိုနာအသင်းအကြားတွင် စာချုပ်သစ်ချုပ်ထားပြီးပြီဟု တီဘတ်စ် အတည်ပြု၊ တစ်သက်တာ စာချုပ်ချုပ်ရန် ဆက်လက် ဆွေးနွေးနေခြင်းဟု ဘာစီလိုနာ သတင်းထုတ်ပြန်
16-Nov-2017


ဘာစီလိုနာ၊ နိုဝင်ဘာ ၁၆

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တီဘတ်စ်သည် ဘာစီလိုနာအသင်းနှင့် တိုက်စစ်မှူး မက်ဆီအကြားတွင် စာချုပ်သစ်ကို လက်မှတ်ရေးထိုးထားပြီးပြီဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မက်ဆီမှာ ဘာစီလိုနာထံတွင် ၂၀၂၁ ခုနှစ် ဇွန်လတိုင်သည်အထိ ဆက်ရှိသွားလိမ့်မည်ဟုလည်း တီဘတ်စ်က အသိပေးသွားခဲ့သေးကြောင်း El Mundo Deportivo က ဖော်ပြထားသည်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် အသင်းနှင့် မက်ဆီအကြား၌ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်ကြောင်းအား လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းကပင် သတင်းမီဒီယာများကို အသိပေးပြောကြားခဲ့ပြီး အသင်းအားပေးသူ ပရိသတ်များကမူ မက်ဆီ စာချုပ်သစ် လက်မှတ်ရေးထိုးသည့် မှတ်တမ်းဓာတ်ပုံများကို မမြင်တွေ့ရသည့်အတွက် ယင်းပြောကြားချက်များကို သံသယ၀င်ခဲ့ကြဖူးသည်။

လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တီဘတ်စ်သည် မက်ဆီနှင့် ဘာစီလိုနာအသင်းအကြားတွင် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် မှတ်တမ်းအထောက်အထားများအားလုံးမှာ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် ၎င်းတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးထားပြီဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း လက်ရှိတွင် မက်ဆီကို စာချုပ်သစ်တွင် သဘောတူညီထားသည့် အကျိုးခံစားခွင့်များအားလုံးကို ပေးအပ်၍ ကစားနေစေခြင်းဖြစ်သည်ဟု အတည်ပြုထားပြီဖြစ်သည်။

ဘာစီလိုနာသည် လက်ရှိတွင် မက်ဆီကို စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး ယင်းစာချုပ်သစ်မှာ တစ်သက်တာစာချုပ်အမျိုးအစားဖြစ်သည်ဟု ဘာစီလိုနာက သတင်းထုတ်ပြန်ထားသည်။

မက်ဆီသည် ဘာစီလိုနာနှင့် တစ်သက်တာစာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါက အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် တစ်သက်တာစာချုပ်ချုပ်ဆိုခြင်းခံရသည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် ဘာစီလိုနာအသင်းသမိုင်းကြောင်းတစ်လျှောက်၌ တစ်သက်တာစာချုပ် ချုပ်ဆိုခြင်းခံရသည့်ကစားသမားမှာ အင်နီယေစတာ တစ်ဦးတည်းသာရှိသေးသည်။