News

POST TYPE

SPORTS

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းအကြားတွင် စာချုပ်သစ်ဆွေးနွေးမှု စတင်
16-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၆

မန်စီးတီးအသင်းတာဝန်ရှိသူများသည် နည်းပြ ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာအကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးအသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီတွင် ဂွါဒီယိုလာ၏ဦးဆောင်မှုအောက်၌ အသင်းကစားပုံ တိုးတက်ပြောင်းလဲလာသည်ကို လွန်စွာ အားရကျေနပ်လျက်ရှိပြီး ဂွါဒီယိုလာကို အသင်းနည်းပြအဖြစ် ရွေးချယ်လိုက်သည့်အကြောင်းရင်းမှာ ယခုကဲ့သို့ ဖျော်ဖြေမှုရသပေးသည့် ကစားဟန်မျိုးဖြင့် အသင်းကို မြင်တွေ့လို၍ဖြစ်ကြောင်း မန်စီးတီးအသင်းအားကစားဒါရိုက်တာ ဘီဂီရစ္စတိန်းက  ဖွင့်ဟပြောကြားသွားခဲ့သည်။

မန်စီးတီးအသင်းတာဝန်ရှိသူများသည် ဂွါဒီယိုလာကို ကာလရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး အသင်း၏စာချုပ်သစ်ကို ဂွါဒီယိုလာ လက်ခံစေရန် စံချိန်တင်လုပ်ခလစာ၊ အသင်းအတွက် ကစားသမားသစ်များ စိတ်ကြိုက်ခေါ်ယူခွင့်တို့ဖြင့် မန်စီးတီးက စည်းရုံးလျက်ရှိသည်။

မန်စီးတီးသည် လက်ရှိတွင် ဂွါဒီယိုလာကို တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၁၅ သန်း ပေးချေထားပြီး စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့မည်ဆိုပါက ဂွါဒီယိုလာ၏တစ်နှစ်လုပ်ခလစာမှာ ဆုကြေးအကျိုးခံစားခွင့်များအပါအဝင် ပေါင်သန်း ၂၀ ဝန်းကျင်သို့ မြင့်တက်သွားဖွယ်ရှိနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

မန်စီးတီးသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အနီးကပ်ပြိုင်ဘက် မန်ယူနှင့် စပါးတို့ကို ရှစ်မှတ်ဖြတ်၍ ဦးဆောင်သူနေရာကို ရယူထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်သို့ စောစီးစွာပင် တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်သည်။



  • VIA