News

POST TYPE

SPORTS

ဒဏ်ရာရရှိနေသည်ကို သိလျက်နှင့် ဖီးလ်ဂျုံးစ်ကို အသုံးပြုခဲ့ခြင်းကြောင့် ဆောက်ဂိတ်ကို မော်ရင်ညို ဒေါသထွက်
16-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၁၆

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏ကစားသမား ဖီးလ်ဂျုံးစ်ကို ဒဏ်ရာရရှိနေပါလျက်နှင့် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းကာ အသုံးပြုခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို ဒေါသပေါက်ကွဲနေပြီး ဆောက်ဂိတ်၏မဆင်မခြင် မသုံးပြုမှုကြောင့် ဖီးလ်ဂျုံးစ်၏ဒဏ်ရာမှာ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ရခြင်းဖြစ်သည်ဟု မော်ရင်ညိုက အပြစ်တင်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဖီးလ်ဂျုံးစ်သည် အင်္ဂလန်လက်ရွေးစင်အသင်းဖွဲ့စည်းရန်အတွက် ကစားသမားရွေးချယ်ရာတွင် ၎င်း၌ ဒဏ်ရာပြဿနာရှိနေကြောင်းကို နည်းပြဆောက်ဂိတ်ထံ သတင်းပေးပို့ခဲ့ပြီး ယင်းသတင်းပေးပို့ချက်ကို လျစ်လျူရှုကာ ဆောက်ဂိတ်က ဖီးလ်ဂျုံးစ်ကို အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းရုံသာမက ပွဲကစားရာ၌ပင် အသုံးပြုခဲ့ခြင်းကြောင့် နည်းပြမော်ရင်ညိုက မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။

ဆောက်ဂိတ်သည် အင်္ဂလန်နှင့် ဂျာမနီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် အသင်းလူစာရင်း၌ ဖီးလ်ဂျုံးစ်ကို ထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ဖီးလ်ဂျုံးစ်မှာ ပေါင်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် နယူးကာဆယ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို မန်ယူအတွက် ပါဝင်ကစားပေးနိုင်ရန် မသေချာမှုများ ရှိနေပြီဖြစ်သည်။

မော်ရင်ညိုသည် မန်ယူမှာ ဖီးလ်ဂျုံးစ်ကို တစ်ပွဲမျှသာ ပြန်လည်အသုံးပြုခွင့်ရရှိခဲ့အပြီးတွင် နိုင်ငံတကာလက်ရွေးစင်အသင်းကို ကိုယ်စားပြုရန် စေလွှတ်ပေးလိုက်ရခြင်းဖြစ်သည်ဟု ထောက်ပြထားပြီး အချို့သောအခြေအနေများတွင် နိုင်ငံလက်ရွေးစင်အသင်းနည်းပြများက ကလပ်အသင်းများဘက်ကို ငဲ့ကွက်ခြင်း မရှိသည်မှာ လွန်စွာခံပြင်းဖွယ်ကောင်းလှကြောင်းလည်း မော်ရင်ညိုက မကျေမချမ်း ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ဖီးလ်ဂျုံးစ်ကို ကျွန်တော်တို့ ပြန်လည်အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် သုံးပတ်လောက်တုန်းက ကျွန်တော်တို့ သူ့ကို ဒဏ်ရာပြဿနာတွေနဲ့ အနားပေးထားခဲ့ရတာပါ။ ချယ်လ်ဆီးနဲ့ပွဲက အသင်းအတွက် အရမ်းကို အရေးကြီးနေလို့ သူ့ကို အရဲစွန့် အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲအပြီးမှာ ဖီးလ်ဂျုံးစ်က သူဟာ ကြံ့ခိုင်မှု မပြည့်ဝသေးသလို အဖျားဝေဒနာလည်း ခံစားနေရကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်ဆီကို သတင်းပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်ဂိတ်က အဲ့ဒါကို လျစ်လျူရှုပြီး ဖီးလ်ဂျုံးစ်ကို ရွေးသွားခဲ့ပါတယ်။ အခုတော့ ဖီးလ်ဂျုံးစ်ကို သူတို့က ဒဏ်ရာပြဿနာနဲ့အတူ အသင်းဆီ ပြန်ပို့ပေးလိုက်ပါပြီ။ အမှန်တကယ် နစ်နာရတာက ကပ်အသင်းပါပဲ”ဟု ပြောကြားသွားခဲ့သည်။