News

POST TYPE

SPORTS

ပီရူးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်၊ နယူးဇီလန်အသင်းကို ပီရူးပရိသတ်များ စိတ်အနှောင့်အယှက်ပေးခဲ့
16-Nov-2017


လီမာ၊ နိုဝင်ဘာ ၁၆

တောင်အမေရိကဇုန်ကိုယ်စားပြု ပီရူးအသင်းသည် သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြု နယူးဇီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့် Play-Off ထပ်ဆင့်ခြေစစ်ပွဲတွင် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့်ရရှိမည့် အသင်းအရေအတွက် ၃၂ သင်းမှာလည်း စုံလင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ပီရူးသည် နယူးဇီလန်နိုင်ငံသို့သွားရောက်၍ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ခဲ့ရာ၌ ဂိုးမရှိသရေရလဒ်ကို ရယူနိုင်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရာတွင် ဖာဖန်၊ ခရစ္စတီယန် ရာမို့စ်တို့၏သွင်းဂိုးများနှင့်အတူ ပီရူးက နိုင်ပွဲရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ပီရူးသည် အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပဉ္စမအကြိမ်မြောက်အဖြစ် ပါဝင်ကစားခွင့် ရရှိခြင်းဖြစ်ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့က ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးအကြိမ် ပြန်လည်အောင်မြင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ပီရူးသည် လက်ရှိတွင် ဖီဖာကထုတ်ပြန်ထားသည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး ယင်းအတွက် ဒီဇင်ဘာလ ၁ ရက်နေ့တွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများမဲခွဲရာတွင် ၎င်းက ဆီဒင်အဆင့်နှစ်သတ်မှတ်ချက်ရ အသင်းများပါရှိသော မဲအိုးအမှတ်နှစ်တွင် ပါဝင်လာလိမ့်မည်ဖြစ်သည်။

နယူးဇီလန်အသင်းတာဝန်ရှိသူများသည် အသင်းကစားသမားများအနေနှင့် ပုံမှန်ခြေစွမ်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိခဲ့သည့် အကြောင်းရင်းများအနက်တွင် ပီရူးပရိသတ်များ၏အနှောင့်အယှက်ပေးခြင်းခံခဲ့ရသည်မှာလည်း အ ကြောင်းရင်းတစ်ခုအဖြစ် ပါဝင်ခဲ့ကြောင်း မှတ်ချက်ပေးပြောကြားသွားခဲ့ပြီး အသင်းတည်းခိုရာဟိုတယ်ရှေ့တွင် ပီရူးပရိသတ်များက ညလုံးပေါက်နီးပါး မီးရှူးမီးပန်းများ လာရောက်ပစ်ဖောက်နေခဲ့သည့်အတွက် အသင်းကစားသမားများမှာ ကောင်းစွာအိပ်စက်အနားယူခွင့် မရရှိခဲ့ကြောင်း ၎င်းတို့က ရှင်းပြထားသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့်ရရှိသည့်အသင်းများ
--------------------------------------------------------------------------------------------------
အိမ်ရှင် - ရုရှား

ဥရောပဇုန် - ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုက်စလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဆားဘီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်

ကွန်ကာကပ်ဖ်ဇုန် - ကော်စတာရီကာ၊ မက္ကဆီကို၊ ပနားမား

တောင်အမေရိကဇုန် - ဘရာဇီး၊ အာဂျင်တီးနား၊ ပီရူး၊ ကိုလံဘီယာ၊ ဥရုဂွေး

အာရှဇုန် - ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ အီရန်

အာဖရိကဇုန် - အီဂျစ်၊ တူနီးရှား၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ