News

POST TYPE

SPORTS

ဖီဖာအကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရသော အာဂျင်တီးနားအစိုးရအဖွဲ့ဝင်ဟောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေ
16-Nov-2017


ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၁၆

ဂျော့ခ်ျဒယ်လ်ဟွန်အမည်ရ အာဂျင်တီးနားအစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ဂျော့ခ်ျဒယ်လ်ဟွန်သည် ဘောလုံးပွဲများအတွက် ရုပ်သံလွှင့်မူပိုင်ခွင့်ဆိုင်ရာစာချုပ်များ ၀ယ်ယူရာတွင် လာဘ်ငွေများပေးခဲ့သည်ဟု စွပ်စွဲခံထားရပြီး ၎င်းအနေနှင့် ယင်းသို့သော ပြစ်မှုမျိုးကို ကျူးလွန်ခဲ့ခြင်း မရှိသည့်အတွက် မိမိဂုဏ်သိက္ခာကို ကာကွယ်ရန် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဂျော့ခ်ျဒယ်လ်ဟွန်က မှာတမ်းတစ်စောင်ရေးသားခဲ့ကြောင်း ၎င်း၏မိသားစုဝင်များက ထုတ်ဖော်ပြောကြားသွားခဲ့ကြသည်။

ရှေ့နေတစ်ဦးဖြစ်သည့် ဂျော့ခ်ျဒယ်လ်ဟွန်သည် အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီးနားဖာနန်ဒက်ဇ် လက်ထက်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာအခန်းကဏ္ဍ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ၎င်းမှာ ရထားတစ်စီးရှေ့သို့ဖြတ်၍ ရထားကြိတ်ခံကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း ဗျူနိုအေရိစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဂျော့ခ်ျဒယ်လ်ဟွန်သည် သမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်လက်ထက်တွင် အခွင့်အာဏာရှိခဲ့စဉ်၌ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရပြီး အာဂျင်တီးနားနိုင်ငံတစ်ဝန်းတွင် ဘောလုံးပွဲများ ထုတ်လွှင့်ပြသခွင့်ရရန်အတွက် ၎င်းလာဘ်ထိုးခဲ့သော ငွေပမာဏမှာ ပေါင် ၁၁၃ သန်းဖြစ်သည်ဟု အမှုကိုစစ်ဆေးနေသည့် နယူးယောက်တရားရုံးတော်က သတင်းထုတ်ပြန်ထားသည်။

နယူးယောက်တရားရုံးတော်က စစ်ဆေးနေသည့် ဖီဖာအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ အမှုတွဲတွင် တရားခံပေါင်း ၄၀ ကျော် ပါဝင်နေပြီး အချို့ကို ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သော်လည်း အချို့ကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း နယူးယောက်တရားရုံးတော်က အသိပေးထားသည်။