News

POST TYPE

SPORTS

နှစ်ပေါင်း ၆၀ အတွင်း အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးမှုဖြင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရ၊ လက်ရွေးစင်ကစားသမားဘဝကို ဘူဖွန် ကျောခိုင်း
14-Nov-2017

မီလန်၊ နိုဝင်ဘာ ၁၄

အီတလီလက်ရွေးစင်ဘောလုံးအသင်းသည် ဆွီဒင်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန် Play-Off ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ နှစ်ပေါင်း ၆၀ ကာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးမှုဖြင့် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကြုံဆုံလိုက်ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အီတလီသည် ၁၉၅၈ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့်နှင့် ပထမဆုံးအကြိမ်အဖြစ် လွဲချော်လိုက်ရခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ အီတလီလက်ရွေးစင်အသင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာတော့မည့် အရိပ်အယောင်များလည်းရှိနေပြီဖြစ်သည်။

အီတလီလက်ရွေးစင်အသင်းခေါင်းဆောင် ဂိုးသမား ဘူဖွန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လက်လွှတ်လိုက်ရအပြီးတွင် လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း တရားဝင် အသိပေးသွားခဲ့ပြီး ဘူဖွန်၏နောက်တွင် ဒီရော့စီ၊ ချီရယ်လ်လီနီနှင့် ဘာဇာဂလီတို့ကလည်း လက်ရွေးစင်ကစားသမားဘဝကို ကျောခိုင်းလိုက်ရန် ဆန္ဒရှိနေကြပြီဖြစ်သည်။

ဘူဖွန်သည် ပွဲအပြီးတွင် ဝမ်းနည်းပက်လက်ဖြင့် အချိန်အတန်ကြာ ငိုကြွေးနေခဲ့သေးကာ ၎င်း၏တစ်ကိုယ်တော်ကျရှုံးမှုဖြစ်ပါက ယခုလောက်အထိ ခံစားရလိမ့်မည်မဟုတ်သော်လည်း အီတလီဘောလုံးလောက၏ကျရှုံးမှုဖြစ်၍ လွန်စွာ စိတ်ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဘူဖွန်က ရှင်းပြသွားခဲ့သည်။

ဘူဖွန်သည် ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုအတွင်း အီတလီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၁၇၅ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ၁၂၅ ဂိုး ခွင့်ပြုပေးခဲ့ရပြီး ပွဲပေါင်း ၆၄ ပွဲကိုမူ ပေးဂိုးမရှိ Clean Sheet ပွဲများဖြစ်စေရန် ၎င်းက စွမ်းဆောင်နိုင်ခဲ့သည်။

ဘူဖွန်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ကစားသမားဘဝဖြတ်သန်းမှုကို လုံးဝအပြီးသတ်ဖွယ်ရှိနေပြီလည်းဖြစ်ကာ ၎င်းဘောလုံးဆက်လက်ကစားမည့်အခြေအနေမှာ တစ်ခုတည်းသာရှိကြောင်း၊ ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့မည်ဆိုပါကမူ ဘောလုံးဆက်ကစားသွားဦးမည်ဖြစ်ကြောင်း၊ ယင်းသို့ရည်ရွယ်ထားသည်မှာ ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူလို၍ဖြစ်ကြောင်း ဘူဖွန်က အသိပေးထားသည်။



  • VIA