News

POST TYPE

SPORTS

ဗီယက်နမ်လူငယ်အကယ်ဒမီတစ်ခု၏ဒါရိုက်တာအဖြစ် ရွိုင်ယန်ဂစ် တာဝန်ထမ်းဆောင်မည်၊ ပေါလ်စခိုးကို ခေါ်ယူရန်လည်း စီစဉ်ထား
13-Nov-2017

ဟနွိုင်း၊ နိုဝင်ဘာ ၁၃

မန်ယူအသင်းဂန္ထဝင်ကစားသမားများအနက်တွင် တစ်ဦးအပါအဝင်ဖြစ်သည့် တိုက်စစ်တောင်ပံကစားသမား ရွိုင်ယန်ဂစ်သည် ဗီယက်နမ်လူငယ်အကယ်ဒမီတစ်ခုတွင် ဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်ရန် တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ရွိုင်ယန်ဂစ်သည် Promotion Fund of Vietnamese Football Talents FC ထံတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန် ၂ နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ၎င်းနှင့်လက်တွဲအလုပ်လုပ်ရန်အတွက် မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးကိုလည်း ယင်းလူငယ်အကယ်ဒမီထံသို့ခေါ်ယူရန် ရွိုင်ယန်ဂစ်က စီစဉ်နေသည်။

Promotion Fund of Vietnamese Football Talents FC သည် ယခုလနှောင်းပိုင်းတွင် ဘောလုံးလေ့ကျင့်ရေးကွင်းသစ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားပြီး ယင်းလေ့ကျင့်ရေးကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရွိုင်ယန်ဂစ်၏အကူအညီဖြင့် ပေါလ်စခိုးကို ဖိတ်ကြားရန် ၎င်းတို့က စီစဉ်ထားပြီလည်းဖြစ်သည်။

ရွိုင်ယန်ဂစ်သည် လာမည့်သီတင်းပတ်ကစတင်၍ ၎င်း၏တာဝန်ကို ထမ်းဆောင်ရန် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် Promotion Fund of Vietnamese Football Talents FC လူငယ်အကယ်ဒမီကို မျိုးဆက်သစ် ပါရမီရှင် ကစားသမားကောင်းများ မွေးထုတ်ပေးရာ ဗီယက်နမ်၏ထိပ်တန်းအဆင့်လူငယ်အကယ်ဒမီတစ်ခု ဖြစ်စေလိုသည့်အတွက် ရွိုင်ယန်ဂစ်ကို ယခုကဲ့သို့ ခေါ်ယူလိုက်ရခြင်းဖြစ်ပါကြောင်း Promotion Fund of Vietnamese Football Talents FC က ကြေညာချက် ထုတ်ပြန်ထားသည်။

Promotion Fund of Vietnamese Football Talents FC ၏ကြေညာချက်တွင် “ရွိုင်ယန်ဂစ်ဟာ အကယ်ဒမီမှာရှိတဲ့ ကစားသမားတွေကို နည်းပြပေးသွားပါလိမ့်မယ်။ နည်းပြတွေကို လေ့ကျင့်ပေးဖို့လည်း သူက တာဝန်ယူထားပါတယ်။ Promotion Fund of Vietnamese Football Talents FC ရဲ့လိုအပ်တဲ့ အခြေခံ အဆောက်အဦအားလုံးကို သူက တာဝန်ယူပြီး အကောင်အထည်ဖော်ပေးသွားမှာပါ။ Promotion Fund of Vietnamese Football Talents FC ကို ဗီယက်နမ်နိုင်ငံရဲ့အကောင်းဆုံးလူငယ်အကယ်ဒမီတစ်ခု ဖြစ်လာစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွိုင်ယန်ဂစ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ကမ္ဘာတစ်လွှားဆီက ထင်ပေါ်ကျော်ကြားတဲ့ လူငယ်အကယ်ဒမီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာစေဖို့အထိ ကျွန်တော်တို့ ရည်မှန်းထားပါတယ်”ဟု ဖော်ပြထားသည်။



  • VIA