News

POST TYPE

SPORTS

လက်စတာအသင်းပိုင်ရှင်ကို ထိုင်းအစိုးရက တရားစွဲဆိုသည့်အမှု တရားရုံးလက်ခံ
13-Nov-2017

ဘန်ကောက်၊ နိုဝင်ဘာ ၁၃

ထိုင်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးတော်သည် ထိုင်းအစိုးရက လက်စတာအသင်းပိုင်ရှင် ဗီချိုင်းကို အခွန်တိမ်းရှောင်မှုဖြင့် အမှုတိုင်ကြားထားသည်ကို လက်ခံလိုက်ပြီဖြစ်ပြီး ယင်းအမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်ကာ ကြားနာစစ်ဆေးသွားတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ဗီချိုင်းပိုင်ဆိုင်သည့် King Power စီးပွားရေးလုပ်ငန်းစုသည် ထိုင်းအစိုးရကို အခွန်ငွေပမာဏ ပေါင် ၃၂၃ သန်း ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အမှုနှင့်သက်ဆိုင်သည့် အကြောင်းအချင်းအရာများကို King Power စီးပွားရေးလုပ်ငန်းစုက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက အသိပေးထားကြသည်။

ဗီချိုင်းသည် လက်လီအရောင်းလုပ်ငန်းများ လုပ်ကိုင်သည့် King Power စီးပွားရေးလုပ်ငန်းစုကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းစတင်တည်ထောင်စဉ်၌ ၎င်းတို့ကို ထိုင်းအစိုးရက ကုန်သွယ်ခွင့်အခွန် ကင်းလွတ်ခွင့် ၁၇ နှစ် ပေးအပ်ခဲ့သည်။

King Power စီးပွားရေးလုပ်ငန်းစု၏အခွန်ကင်းလွတ်ခွင့်သည် ၂၀၀၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ယင်းနောက်ပိုင်းနှစ်များတွင် အခွန်ပေးချေရမည်ကို ပျက်ကွက်ခဲ့ခြင်းကြောင်း King Power စီးပွားရေးလုပ်ငန်းစုကို တရားစွဲဆိုလိုက်ရခြင်းဖြစ်ကြောင်း ထိုင်းအစိုးရရှေ့နေတစ်ဦးက ရှင်းပြသွားခဲ့သည်။

King Power စီးပွားရေးလုပ်ငန်းစု၏ကြွယ်ဝမှု ပမာဏသည် လက်ရှိတွင် ပေါင် ၃ ဒသမ ၅ ဘီလျံအထိ မြင့်တက်နေပြီဖြစ်ပြီး  ၎င်းတို့က Air Asia စီးပွားရေးလုပ်ငန်းစု၌ပင်လျှင် ရင်းနှီးမြှုပ်နှံမှုများထည့်ဝင်ကာ ရှယ်ယာများ ပိုင်ဆိုင်ထားပြီဖြစ်သည်။

King Power စီးပွားရေးလုပ်ငန်းစုသည် လက်စတာအသင်းကို ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ကာ ၎င်းတို့ ဝယ်ယူခဲ့စဉ်၌ လက်စတာမှာ ချန်ပီယံရှစ်အသင်းအဖြစ်သာ ရှိခဲ့သော်လည်း ခြောက်နှစ်တာကာလဖြတ်သန်းအပြီးတွင်မူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရသည်အထိ အောင်မြင်မှုများ ရရှိလာခဲ့သည်။



  • VIA