News

POST TYPE

SPORTS

အိုဇေးလ်ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဖာကီယာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အသုံးပြုခေါ်ယူရန် အာဆင်နယ် ဆွေးနွေး
13-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၁၃

အာဆင်နယ်အသင်းသည် အသင်းပြောင်းရန် လွန်စွာနီးစပ်နေပြီဖြစ်သည့် ကွင်းလယ်ကစားသမား အိုဇေးလ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အသက် ၂၄ နှစ်အရွယ်ရှိ လိုင်ယွန်ကွင်းလယ်ကစားကွက်ဖန်တီးရှင် ဖာကီယာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အသုံးပြုခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန် မီချယ်လ် အောလတ်စ်သည် ဖာကီယာကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ခိုင်းနှိုင်း၍ပင် အမွှမ်းတင်ထားပြီး ဖာကီယာကိုခေါ်ယူရေးတွင် အာဆင်နယ်အနေနှင့် အဓိကယှဉ်ပြိုင်ရမည့် ပြိုင်ဘက်မှာ ဘာစီလိုနာဖြစ်နေသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဖာကီယာကို ခေါ်ယူနိုင်ရန်အတွက် ၎င်း၏အသင်းဖော်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် တိုက်စစ်မှူး လာကာဇက်ကို စည်းရုံးရေးဆင်းခိုင်းဖွယ်ရှိနေပြီး ဆွေးနွေးညှိနှိုင်းမှုအရပ်ရပ် အဆင်ပြေချောမွေ့ခဲ့မည်ဆိုပါက လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ပင် ဖာကီယာမှာ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာဖွယ် ရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ဖာကီယာသည် လက်ရှိဘောလုံးရာသီတွင် လိုင်ယွန်ကို ကိုယ်စားပြု၍ ပြင်သစ်လီဂူးပွဲစဉ် ၁၁ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ အသင်းအတွက် သွင်းဂိုး ၁၁ ဂိုး ရယူပေးထားနိုင်ခဲ့ပြီဖြစ်ကာ အာဆင်နယ်ထံသို့ ဖာကီယာ ပြောင်းရွှေ့ရန်မှာ လွန်စွာနီးစပ်လွန်းသည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း The Sun ကလည်း သတင်းရေးသား အသိပေးထားပြီဖြစ်သည်။

အာဆင်နယ်သည် အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရန် မလွယ်ကူတော့သည့်အတွက် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် တန်ကြေးတစ်ရပ်သတ်မှတ်ကာ ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ပြီး ဆန်းချက်ဇ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်တောင်ပံကစားသမား ဇာဟာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့်ခေါ်ယူရန်လည်း အာဆင်နယ်က စောင့်ကြည့်မှုများရှိနေပြီဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဆန်းချက်ဇ်ကို မန်စီးတီးထက် ပီအက်စ်ဂျီထံသို့သာ ရောင်းထုတ်လိုက်ရန် ဆန္ဒရှိနေပြီး ဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေးနှင့်အတူ ကွင်းလယ်လူ ဒရက်ဇလာကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့မည်ဆိုပါက ပီအက်စ်ဂျီထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်ရှိရေးမှာ လွန်စွာနီးစပ်သွားဖွယ်ရှိနေသည်။


  • VIA