News

POST TYPE

SPORTS

နေမာ၊ အမ်ဘတ်ပေတို့နှင့် တွဲဖက်ကစားခွင့်ရလိုသည်မှာ ၎င်း၏အိပ်မက်ဖြစ်ကြောင်း ဂရစ်ဇ်မန်း အသိပေး
13-Nov-2017


ပဲရစ်၊ နိုဝင်ဘာ ၁၃

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လက်ရှိအချိန်တွင် နေမာ၊ အမ်ဘတ်ပေတို့နှင့်တွဲဖက်ကစားခွင့်ရနိုင်ရေးမှာ ၎င်း၏စိတ်ကူးအိပ်မက်ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် ပီအက်စ်ဂျီသာ ဂရစ်ဇ်မန်းကို ခေါ်ယူလိုပါက အပြောင်းအရွှေ့ကိစ္စရပ်များအားလုံးမှာ လွယ်လင့်တကူဖြင့် အဆင်ပြေ အထမြောက်သွားနိုင်ဖွယ် အခြေအနေများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဂရစ်ဇ်မန်းကိုခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းအနေနှင့် အီဘရာဟီမိုဗစ်ကို စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မည်မဟုတ်ဘဲ လက်လွှတ်လိုက်တော့မည်ဖြစ်၍ ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် တိုက်စစ်မှူးသစ်တစ်ဦး မလွဲမသွေ ခေါ်ယူရလိမ့်မည်ဖြစ်ကြောင်း နည်းပြမော်ရင်ညိုက ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။

ဂရစ်ဇ်မန်းသည် လွန်ခဲ့သည့် နွေရာသီကာလ၌ အက်သလက်တီကိုနှင့် စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းစာချုပ်သစ်အတွက် စာချုပ်ဖျက်သိမ်းခတန်ကြေးကို ယခင်စာချုပ်ဟောင်းအတိုင်းသာ ဆက်လက်ထားရှိပေးရမည်ဟု ၎င်းက တောင်းဆိုထားခြင်းကြောင့် ပီအက်စ်ဂျီအနေနှင့် ဂရစ်ဇ်မန်းကို ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၈ သန်း သုံးစွဲရုံမျှဖြင့် ရရှိနိုင်လိမ့်မည်ဖြစ်သည်။

ပီအက်စ်ဂျီသည် နေမာနှင့် အမ်ဘတ်ပေတို့ကို အသင်းထံသို့ ခေါ်ယူလိုက်နိုင်အပြီးတွင် ထိပ်တန်းကစားသမားများကို ယခင်ကထက် ပိုမိုဆွဲဆောင်လာနိုင်ခဲ့ပြီဖြစ်ပြီး ဂရစ်ဇ်မန်းက ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့လိုသည့်တိုင် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ရေးကမူ ပီအက်စ်ဂျီ၏ဘဏ္ဍာရေးအခြေအနေကြောင့် မလွယ်ကူနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

ပီအက်စ်ဂျီသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အငှားခေါ်ယူထားသည့် အမ်ဘတ်ပေ၏အပြောင်းအရွှေ့ကို အပြီးသတ်ရန်အတွက် မိုနာကိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၆၆ သန်း ပေးချေရလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် မငြိစွန်းစေရန် လိုငွေ ပေါင်သန်း ၇၀ ပြနေသည့်အတွက် ယင်းပြဿနာကို ဖြေရှင်းရန် ပီအက်စ်ဂျီက ဒီမာရီယာနှင့် လူးကပ်စ်မော်ရာတို့ကို ရောင်းထုတ်တော့မည်လည်းဖြစ်သည်။