News

POST TYPE

SPORTS

ဒဏ်ရာဟောင်းပြန်လည်ထိခိုက်သွားခဲ့သည့် မာနေးကို လီဗာပူးထံသို့ ဆီနီဂေါ ပြန်ပို့
13-Nov-2017

လီဗာပူး၊ နိုဝင်ဘာ ၁၃

ဆီနီဂေါဘောလုံးအဖွဲ့ချုပ်သည် ဆီနီဂေါက တောင်အာဖရိကကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဖရိကဇုန်ခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရသွားခဲ့သည့် တိုက်စစ်တောင်ပံကစားသမား မာနေးကို ၎င်းင်း၏မိခင်ကလပ် လီဗာပူးထံသို့ ပြန်လည်စေလွှတ်ပေးလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

မာနေးသည် လက်ရှိဘောလုံးရာသီအတွင်း၌ ယခုမတိုင်မီတွင် တံကောက်ကြောဒဏ်ရာ တစ်ကြိမ်ရရှိခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်၌လည်း ယင်းဒဏ်ရာဟောင်း ပြန်လည်နာကျင်သွားခဲ့ခြင်းဖြစ်၍ ၎င်းင်းကို သီတင်းပတ်အတန်ကြာ လက်လွှတ်လိုက်ရမည်ကို နည်းပြဂျာဂင်ကလော့ပ်က စိုးရိမ်ပူပန်နေရပြီဖြစ်သည်။

မာနေးသည် ဆီနီဂေါက တောင်အာဖရိကကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်တွင် ဒဏ်ရာနာကျင်မှုများရှိနေသည့်ကြားကပင် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးသွားခဲ့ပြီး ယင်းပွဲစဉ်တွင် အနိုင်ရလဒ်ကို အရယူလိုက်နိုင်သည့်အတွက် ဆီနီဂေါမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရရှိသွားခဲ့ပြီလည်းဖြစ်သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် မာနေး မကစားနိုင်သည့်ပွဲစဉ်များတွင် အသင်းကစားကွက်ကို ပုံဖော်ရာ၌ အခက်အခဲများဖြင့် အမြဲတစေ ရင်ဆိုင်ကြုံဆုံရလေ့ရှိပြီး လက်ရှိတွင် မာနေး၏ဒဏ်ရာအခြေအနေကို အတိအကျ သိရှိနိုင်စေရန် လီဗာပူးအသင်းဆေးအဖွဲ့က နောက်ဆက်တွဲ စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေပြီလည်းဖြစ်သည်။

ဂျာဂင်ကလော့ပ်သည် အသင်းကွင်းလယ်ကစားသမား ကော်တင်ညိုက ဒဏ်ရာသက်သာလာသည်နှင့်တစ်ပြိုင်နက် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားပေးရန် ဆုံးဖြတ်လိုက်ခြင်းကို မကျေနပ်မှုများရှိနေပြီး ကော်တင်ညိုမှာ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးကို စွန့်ခွာ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန် စိတ်ကူးရှိနေဆဲပင်ဖြစ်သည်။



  • VIA