News

POST TYPE

SPORTS

ဖရက်ဒ်ကိုခေါ်ယူရရှိပါက ဖယ်လိုင်နီကို မန်ယူ ရောင်းထုတ်မည်
13-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၃

မန်ယူအသင်းသည် ဖယ်လိုင်နီကို စာချုပ်သစ်လက်မှတ်ရေးထိုးရန် အဆင်မပြေဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ကစားသမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်တော့မည်ဖြစ်ပြီး မန်ယူနည်းပြမော်ရင်ညို၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာ၌ ရှိနေသူမှာ ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

တူရကီကလပ် ဘက်ဆစ်တပ်အသင်းသည် ဖယ်လိုင်နီကိုခေါ်ယူရန်အတွက် မန်ယူထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်ရှစ်သန်းဖြင့် ကမ်းလှမ်းဆက်သွယ်ထားပြီဖြစ်ကာ ဘက်ဆစ်တပ်အသင်းတာဝန်ရှိသူများနှင့် ဖယ်လိုင်နီ၏အကျိုးတော်ဆောင်များအကြားတွင်လည်း ဖယ်လိုင်နီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများရှိနေပြီဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြမော်ရင်ညိုကို လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ကစားသမားသစ်များ ထပ်မံခေါ်ယူလိုပါက အသင်း၏လုပ်ခလစာပေးချေနေရမှုကို ချိန်ညှိရန်အတွက် ပိုလျှံကစားသမားများကို ရောင်းထုတ်ရလိမ့်မည်ဟု သတိပေးထားပြီး ဖရက်ဒ်ကို ခေါ်ယူရရှိနိုင်ခဲ့မည်ဆိုပါက ဖယ်လိုင်နီအတွက် ဘက်ဆစ်တပ်ဘက်က ကမ်းလှမ်းထားမှုကို မော်ရင်ညို လက်ခံပေးလိုက်ဖွယ် အနေအထားများ ရှိနေပြီဖြစ်သည်။

ဖယ်လိုင်နီနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ ဖယ်လိုင်နီနှင့် ဟာရီရာတို့ကို စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စရပ်များအား လာမည့်ဒီဇင်ဘာလအတွင်း နောက်ဆုံးထား၍ အပြီးသတ်ဆွေးနွေးရန် မန်ယူက စီစဉ်နေပြီလည်းဖြစ်သည်။

မန်ယူသည် ဖရက်ဒ်ကို ခေါ်ယူနိုင်ရေးအတွက် စပိန်လာလီဂါကလပ်အသင်းများဖြစ်သည့် ဆီဗီလာ၊ ဗလင်စီယာတို့နှင့် ယှဉ်ပြိုင်ကြိုးပမ်းရဖွယ်ရှိနေကာ မော်ရင်ညိုကမူ ၎င်းနှစ်ခြိုက်သဘောကျသည့် ဖယ်လိုင်နီကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းအားလုံးဖြင့် စည်းရုံးသွားဖွယ် ရှိနေဆဲဖြစ်သည်။



  • VIA