News

POST TYPE

SPORTS

ဂျိုးဟတ်၏ပွဲထွက်ခွင့်ကို အာမခံချက် မပေးနိုင်တော့ကြောင်း ဆောက်ဂိတ် အသိပေး
13-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၂၃

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ၎င်းအနေနှင့် ဂိုးသမား ဂျိုးဟတ်၏ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်တော့မည် မဟုတ်ကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရလည်း ဂျိုးဟတ်မှာ လာမည့် ၂၀၁၈  ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည့်တိုင် အရန်အဖြစ်သာ ဖြတ်သန်းရမည့်အခြေအနေများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးဂိုးသမား ဂျိုးဟတ်သည် နည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်အာမခံချက် ပျောက်ဆုံးသွားခဲ့ခြင်းကြောင့် ယမန်နှစ်ဘောလုံးရာသီ၌ အီတလီစီးရီးအေကလပ် တိုရီနိုထံသို့ အငှားသွားရောက်ကစားခဲ့ရပြီး လက်ရှိဘောလုံးရာသီတွင်လည်း ၎င်းက ဝက်စ်ဟမ်းထံသို့သွားရောက်ကာ အငှားကစားသမားအဖြစ် ဖြတ်သန်းနေရဆဲဖြစ်သည်။

ဂျိုးဟတ်သည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နည်းပြကာပယ်လို၏နေရာပေးမှုဖြင့် အင်္ဂလန်လက်ရွေးစင်အသင်း၌ အမာခံပွဲထွက်ဂိုးသမားအဖြစ် နေရာရလာခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၎င်း၏ပွဲထွက်ခွင့်ကို အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်က ကြီးမားစွာ ဖိအားပေးခြိမ်းခြောက်မှုများရှိနေပြီဖြစ်သည်။

နည်းပြဆောက်ဂိတ်သည် အင်္ဂလန်နှင့် ဂျာမနီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် ပွဲထွက်လူစာရင်း၌ ပစ်ခ်ဖို့ဒ်ကို နေရာပေးအသုံးပြုသွားခဲ့ပြီး ယင်းပွဲစဉ်တွင် ဂျာမနီအသင်း၏အပိုင်ဂိုးကန်သွင်းချက်များကို ပစ်ခ်ဖို့ဒ်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့သည်အား ဆောက်ဂိတ်က လွန်စွာ ကျေနပ်အားရဖြစ်လျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆောက်ဂိတ်က “သိပ်မကြာသေးခင်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျိုးဟတ်ကပဲ အသင်းရဲ့ပွဲထွက်ဂိုးသမားအဖြစ် ဆက်ရှိနေဦးမယ့်သဘောမျိုး ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ပစ်ခ်ဖို့ဒ်နဲ့ ဘတ်လန်းတို့ကလည်း အဆက်မပြတ် တိုးတက်မှုတွေရှိနေလို့ သူတို့ရဲ့အခန်းကဏ္ဍကိုလည်း ကျွန်တော် လျစ်လျူရှုလို့ မရတော့ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အချိန်ခြောက်လကျော် လိုနေပါသေးတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တွေကိုပဲ ကျွန်တော် ချမှတ်သွားမှာပါ။ ဂျိုးဟတ်ကို လုံလောက်မယ့် အခွင့်အရေးတွေ ကျွန်တော် ထပ်ပေးသွားဦးမှာပါပဲ။ ဒါပေမဲ့ အမာခံပွဲထွက်ခွင့်ဆိုတဲ့ အာမခံချက်ကိုတော့ မပေးနိုင်တော့ပါဘူး”ဟု ပြောကြားသွားခဲ့သည်။



  • VIA